close

မီဒီယာဥပဒေဖြင့်စီရင်ဆုံးဖြတ်ရန် DVB သတင်းထောက် ကိုအောင်ကျော် တရားခွင်၌ တောင်းဆို

ဖမ်းဆီးတရားစွဲခံနေရတဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ဟာ  မေလ ၂၆ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက် တင်သွင်းရမယ်လို့ သူ့ရဲ့ဇနီးကပြောပါတယ်။ 

မြိတ်မြို့အခြေစိုက် DVB သတင်းထောက်ကိုအောင်ကျော်ကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၁ ရက်နေ့မှာ  ဖမ်းဆီးပြီး  ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့တရားစွဲခဲ့တာပါ။

မေလ ၁၈ ရက်နေ့မှာ ကိုအောင်ကျော်ကို စစ်ကောင်စီတရားရုံးက ရုံးထုတ်ခဲ့ပြီး ကိုအောင်ကျော်က မီဒီယာသမားကို မီဒီယာဥပဒေနဲ့ပဲ စီရင်ဆုံးဖြတ်ဖို့ တရားခွင်မှာတောင်း ဆိုခဲ့ပါတယ်။

မေလ ၂၆ ရက်ရုံးချိန်းမှာတော့ ကိုအောင်ကျော်ဟာ အပြီးသတ်လျှောက်လဲချက်တင်သွင်းရမှာဖြစ်ပြီး နောက်ထပ်ရုံးချိန်းတွေမှာ စီရင်ချက်ချတော့မှာဖြစ်ပါတယ်။

ကိုအောင်ကျော်ဟာ မြိတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပြည်သူအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တိုက်ရိုက်သတင်းတင် ဆက်ခဲ့တာကြောင့် စစ်ကောင်စီက အငြိုးထားဖမ်းဆီးခဲ့တာပါ။ သတင်းတင်ဆက်တာဟာ ရာဇဝတ်မှုကျူးလွန်တာမဟုတ်တဲ့အတွက် တရားစွဲမယ်ဆိုရင်တောင် သတင်းမီဒီယာဥပဒေနဲ့ပဲ စွဲသင့်တယ်လို့ ကိုအောင်ကျော်ရဲ့ ဇနီး မနေခြည်မိုးထက်က ပြောပါတယ်။

ကိုအောင်ကျော်ရဲ့အမှုကို မြိတ်မြို့ကရှေ့နေတွေမလိုက်ရဲအောင် စစ်ကောင်စီက ဖိအားတွေပေးခဲ့တဲ့အတွက် ကိုအောင်ကျော်ကိုယ်တိုင် တရားခွင်မှာမီဒီယာဥပဒေကိုကိုင်ပြီး ချေပနေရတာဖြစ်ပါတယ်။

တရားသူကြီးကတော့ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲထားတာဖြစ်တဲ့အတွက် ၅၀၅(က) အပေါ်မူတည်ပြီးတော့ပဲ ဆုံးဖြတ်မယ်လို့ မေလ ၁၁ ရက်နေ့ရုံးချိန်းမှာပြောဆိုထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up