close

NUG မြန်မာ အစိုးရအဖွဲ့နှင့် ဂျပန်လွှတ်တော်အမတ်များ ပထမဆုံးအကြိမ်ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဂျပန်လွှတ်တော်အမတ်တွေရဲ့ ပထမဆုံးအကြိမ် အွန်လိုင်းမှဆွေးနွေးပွဲကို တိုကျိုမြို့ချီယိုဒရှိ ဂျပန်လွှတ်တော်အမတ်များ အဆောက်အအုံမှာ မေ ၂၆ ရက် ညနေ ၅ နာရီက ကျင်းပခဲ့ပါတယ်။

အစည်းအဝေးကို ဒုသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဒုတိယဝန်ကြီးတွေ တက်ရောက်ကာ ၂ နာရီလောက် ဆွေးနွေးခဲ့ကြပြီး ပူးတွဲထုတ်ပြန်ချက် မူကြမ်း ၉ ချက်ကို သဘောတူခဲ့ကြပါတယ်။

လက်ရှိမြန်မာနိုင်ငံအခြေအနေ၊ NUG အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိလှုပ်ရှားမှုတွေ၊ PDF ဖွဲ့စည်းခြင်း ရည်ရွယ်ချက်၊ ဂျပန်အစိုးရအပေါ် တောင်းဆိုချက်များ၊ မြန်မာဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် နှစ်နိုင်ငံပူးပေါင်းပြီး လုပ်ဆောင်နိုင်မယ့် အရာတွေကို အလေးထား ဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်အစိုးရအနေနဲ့ NUG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးရေးအတွက် လွှတ်တော်ထည်းကတဆင့် အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ဂျပန်လွှတ်တော်အမတ်များအဖွဲ့ဥက္ကဋ္ဌ မစ္စတာ နခဂဝ မဆဟရုက DVB ကို ပြောပါတယ်။

အဖွဲ့အတွင်းရေးမှူး မစ္စတာ အီချိဘရှီကတော့ အခုဒီနေ့ဆွေးနွေးပွဲကတဆင့် နှစ်ဘက် သဘောထားတူညီချက် မူကြမ်း ၉ ချက်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်ရိုက်ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။

အစည်းအဝေးအတွင်း ဂျပန်လွှတ်တော်အမတ်တဦးက မြန်မာ့ပြည်သူတပ်မတော်လို့ မသုံးသင့်ဘဲ အကြမ်းဖက်စပ်တပ်လို့ ခေါ်ဝေါ်သုံးစွဲသင့်ကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အခုထိ အာဏာမထိန်းသိမ်းနိုင်တဲ့ အကြမ်းဖက်စစ်ကောင်စီကို မဆက်ဆံသင့်ဘဲ မိမိတို့ ပြည်သူ့အစိုးရ NUG အစိုးရကိုသာ အခုချိန်မှစပြီး ဆက်ဆံဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာဂျပန်အာဏာရပါတီ LDP အပါအဝင် ပါတီအသီးသီးမှ ဂျပန်လွှတ်တော်အမတ် ၂၆ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဂျပန်သတင်းထောက် မစ္စတာခိတဇူမိနဲ့ ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားနေသူ ၃၀ ကျော်လည်း တက်ရောက်ခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up