close

စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် သပိတ်မှောက်ကြရန် NUG နှိုးဆော်

အကြမ်းဖက်စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းစုတွေနဲ့ ဆက်စပ်ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို အရှိန်အဟုန်မြှင့် သပိတ်မှောက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းနှိုးဆော်ထားပါတယ်။

မေ ၂၃ ရက် ရက်စွဲနဲ့ အဆိုပါကြေညာချက်ကိုတော့ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး အချက် ၅ ချက်နဲ့အတူ စစ်အုပ်စုပိုင်စီးပွားရေးလုပ်ငန်းတွေကိုပါ ပူးတွဲဖော်ပြထားတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ဝင်ငွေရလမ်းတွေကို ဟန့်တား၊ ပိတ်ဆို့၊ ဖြတ်တောက်နိုင်ရေးဟာ မြန်မာ့မြေပေါ်ကနေ စစ်အာဏာရှင်စနစ် လုံး၀ချုပ်ငြိမ်းပျောက်ကွယ်သွားစေရေးအတွက် လွန်စွာအရေးပါတဲ့ လုပ်ငန်းစဉ်တရပ် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်မှာ အကြမ်းဖက်စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းစုတွေနဲ့ ဆက်စပ်ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်တာဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတခုအဖြစ် ပါဝင်တယ်လို့ ဆိုပါတယ်။

ခေတ်အဆက်ဆက် လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို အကြမ်းဖက်သိမ်းယူခဲ့တဲ့ နောက်ကွယ်က တခုတည်းသော အဓိက အကြောင်းအရင်းဟာ စစ်ခေါင်းဆောင်တွေနဲ့ သူတို့မိသားစုဝင်တွေရဲ့ စီးပွားရေး အကျိုးအမြတ်တွေကို တည်ဆောက်ထူထောင်၊ ချဲ့ထွင်ကာကွယ်ဖို့ဟာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

လက်ရှိအချိန်မှာတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ စီးပွားရေးအင်ပါယာဟာ ကျောက်မျက်ရတနာရောင်းဝယ်တာ၊ စက်သုံးဆီဖြန့်ဖြူး ရောင်းချတာ၊ ဟိုတယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆိပ်ကမ်းဝန်ဆောင်မှုက အစ အရက်၊ ဘီယာ၊ စီးကရက်၊ ဘိလပ်မြေ၊ သံချောင်း၊ အိမ်မိုးသွပ်ပြား ထုတ်လုပ်ရောင်းချတာတွေအပါအဝင် ကော်ဖီမစ်၊ တီးမစ်၊ ဆပ်ပြာ၊ သွားတိုက်ဆေးပါမကျန် ဈေးကွက် နယ်ပယ်စုံမှာ ထိုးဖောက်နေရာယူကာ စီးပွားရေးအကျိုးအမြတ်များစွာ နှစ်စဉ်ရရှိတယ် လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် အဓိကအသက်သွေးကြော ဝင်ငွေရလမ်းဖြစ်တဲ့ ပူးတွဲဖော်ပြပါ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုတွေနဲ့ ဆက်စပ်ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတာ၊ သိုလှောင် ဖြန့်ဖြူး ရောင်းချတာမျိုး အလျှင်းမပြုလုပ်ကြဖို့နဲ့ အရှိန်အဟုန်မြှင့် သပိတ်မှောက်ကြဖို့ အထူးတိုက်တွန်း နှိုးဆော်ကြောင်း ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up