close

ဧရာဝတီတိုင်းမ် သတင်းထောက် ကိုအောင်မြသန်း ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ မေလ ၂၅ ရက်နေ့က ဒေသတွင်းအခြေစိုက် ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ မအူပင် သတင်းထောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။

မေလ ၂၅ ရက် ညနေပိုင်းကဖမ်းဆီးသွားတာဖြစ်ပြီး မေလ ၂၆ ရက်နေ့ ရဲစခန်းကို စစ်ကြောရေးက ပြန်ခေါ်လာချိန်မှာ မိသားစုဝင်တွေက သိရတာလို့ ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

" ကိုအောင်မြသန်းကို မနေ့ညနေက ဖမ်းဆီးသွားတာလို့ သိရတယ်။ ဒီနေ့ ညနေပိုင်းရဲစခန်းကိုခေါ်လာလို့ မိသားစုဝင်တွေက သွားကြည်တော့ မျက်နှာမှာ ဖူးရောင်ဒဏ်ရာတွေနဲ့ တွေ့ရတယ်လို့ သွားကြည့်တဲ့ လူတွေက ပြောတယ်။ ခုချိန်ထိတော့ ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ကျနော်တို့ သိရတယ်''လို့ ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ အယ်ဒီတာ တဦးက DVB ကိုပြောပါတယ်။

သတင်းထောက် ကိုအောင်မြသန်းကို လက်ရှိအချိန်ထိ ရဲစခန်းမှာ ဘာပုဒ်မနဲ့ အမှုဖွင့်ပြီး တရားစွဲဆိုထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်အာဏာသိမ်းမှုအပြီး ဧရာဝတီတိုင်းမှာ ပုသိမ်မြို့အခြေစိုက် သံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း၊ မရွှေရည်ဝင်းနဲ့ မြောင်းမြမြို့က ကိုရဝေမောင်တို့ကို စစ်တပ်က ဖမ်းဆီးပြီး တရားစွဲထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up