close

မူဆယ်တွင်အမှိုက်အိတ်မှ ဗုံးပေါက်ပြီး အမှိုက်သိမ်းလူငယ် ၁ ဦး သေဆုံး၊ ၁ ဦး အပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်က အထက (၃) ကျောင်း အနီးမှာ မေလ ၂၈ ရက်မနက်က အမှိုက်ထုတ်ကနေ ဗုံးပေါက်ကွဲပြီး အမှိုက်သိမ်းလူငယ် ၁ ဦးသေဆုံးကာ  ဆိုင်ကယ်စီးလာသူ  ၁ ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ 

ဗုံးထိမိသူ ၂ ဦးအနက် ပထမတစ်ဦးမှာ မူဆယ်မြို့ Twins Industry အမှိုက်သိမ်းဝန်ဆောင်မှုကုမ္ပဏီက  အလုပ်သမား မောင်ဖိုးသင်္ကြန် ( အသက် ၂၀ ကျော် ) ဖြစ်ပြီး သူဟာမနက်တိုင်းလုပ်နေကျ အမှိုက်တွေကို လိုက်လံသိမ်းဆည်းစဉ် အနက်ရောင် အထုတ်တစ်ခုထဲကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်စဉ် ခြေတောက် ၂ ဘက်လုံးပြတ်ထွက်သွားပြီး ဆေးရုံရောက်ပြီး မကြာခင်မှာ သေဆုံးသွားတယ်လို့  ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ထိခိုက်သေဆုံးသူက ကျနော်တို့ကုမ္ပဏီက အလုပ်သမားပါဘဲခင်ဗျာ။ သူတို့က ကနေ့မနက်စောစော အမှိုက်ထုတ်တွေလိုက်သိမ်းနေတာ၊ မနက် ၈ နာရီကျော်လောက်ကျတော့ မြို့နယ်ဆေးရုံနဲ့ ဈေးရပ်ကွက်လူငယ်ဇရပ်နားမှာ အမှိုက်သိမ်းနေတုန်း အနက်ရောင် အထုတ်တစ်ခုကို  ဆွဲယူလိုက်တော့ ပေါက်ကွဲတော့တာပါပဲ။ တော်တော်ပြင်းထန်တယ်၊ သူ့ခြေထောက် နှစ်ဘက်လုံးပြတ်ထွက်သွားတယ်၊ နောက်ပြီး ဆိုင်ကယ်စီးလာတဲ့ လမ်းသွား လမ်းလာပြည်သူ တယောက်ကိုပါထိတယ်၊ သူလည်းဒဏ်ရာရသွားတယ်၊ ကျနော်တို့အလုပ်သမားကဆေးရုံရောက်ပြီး မကြာဘူး မနက် ၈ နာရီ  မနစ် ၅၀ မှာ ဆုံးပါးသွားပါတယ်” ။

အခုလိုထိခိုက်သေဆုံးရတဲ့အတွက် အမှိုက်သိမ်းစည်းကမ်းတွေ ပြင်ဆင်ရမှာဖြစ်ကြောင်း၊ နောက်နောင် ပိုင်ရှင်တွေက အမှိုက်ကားဆီ သယ်လာတဲ့ အမှိုက်ထုတ်တွေကိုသာ လက်ခံပြီး  လမ်းပေါ်က အမှိုက်တွေကိုတော့ ကောက်ပေးတော့မှာ မဟုတ်ကြောင်း၊ မြို့တော် သန့်ရှင်းသာယာရေးအတွက် အလုပ်လုပ်နေသူ ၊ လမ်းသွားလမ်းလာပြည်သူတွေကို ထိခိုက်သေဆုံး စေတဲ့ အခုလိုအကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချတယ်လို့ ကုမ္ပဏီတာဝန်ရှိသူက ပြောသွား ပါတယ်။ 

ဆိုင်ကယ်စီးလာသူရဲ့ ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ အသေးစိပ်မသိရသေးဘူးလို့ ဆိုပါတယ်။

မူဆယ်မြို့ခံတယောက်ကတော့ ပေါက်ကွဲတဲ့အချိန်မှာ အနီးအနားမှာရှိတဲ့ဆိုင်ကယ်ကို  ထိမှန်ပြီး ဆိုင်ကယ်မီးလောင်ကာ ဆိုင်ကယ်စီးလာသူပါ မီးလောင်ခဲ့တယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

အနီးအနားက နေအိမ်တွေလည်း မှန်ကွဲခဲ့ပြီး လမ်းသွားနေတဲ့ တခြားလူတွေကိုပါ ယမ်းစတွေ စင်ခဲ့ခဲ့တယ်လို့လည်း သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီရဲ့ ရဲဝန်ထမ်းတွေက အရပ်ဝတ်တွေနဲ့ လိုက်လံစစ်ဆေးနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up