သာကေတတွင် အကြမ်းဖက်စစ်တပ်နှင့် အမည်မသိလက်နက်ကိုင်အချို့ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ မေလ ၂၈ ရက် ဒီနေ့ ညပိုင်းက အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တချို့က လာရောက်ပစ်ခတ်သွားလို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဇိနမာန်အောင် ဘုရားဝင်းအတွင်းကို အမည်မသိလက်နက်ကိုင်တွေက ည ၇ နာရီခွဲလောက်မှာ လာရောက်ပစ်ခတ်ရာကနေ အပြန်အလှန်ပစ်ခတ်တာတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုတွေ အပြန်အလှန် ၁၅ မိနစ်လောက်ဖြစ်ပေါ်ခဲ့တာကြောင့် သေဆုံးထိခိုက်ဒဏ်ရာရတာ ရှိနိုင်ပေမယ့် အတည်ကျ မသိရသေးပါဘူး။
လက်ရှိအချိန်မှာတော့ သာကေတမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးနေသလို လုံခြုံရေးလည်း တင်းကျပ်ထားပါတယ်။
မနေ့က မေလ ၂၇ ရက်နေ့ကလည်း သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက်၊ လမ်း (၂၀) မှာ ရပ်ကွက်ရာအိမ်မှူးဟောင်း ဦးဘုန်းငွေကို အမည်မသိသေနတ်သမားတွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဗုံး ၇ လုံးလောက်လည်း ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။