close

ထိုးစစ်ရပ်တန့်ပြီး စစ်အာဏာရှင်ကို အတူပူးပေါင်းတိုက်ထုတ်ကြရန် RCSS တိုက်တွန်း

ရှမ်းလူမျိုးအချင်းချင်းစုစည်းညီညွတ်ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရမယ့် အချိန်ဖြစ်တာကြောင့် SSPP တပ်ဖွဲ့အနေနဲ့   ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရပ်တန့်ဖို့   RCSS ရဲ့ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ လွယ်ဟွန်းတောင်ကျောမှာ တပ်စွဲထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ရဲ့ တပ်စခန်းတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တပ်ဖွဲ့က  ဇွန် ၁ ရက်က စတင် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

အခုလို ရှမ်းလူမျိုးအချင်းချင်း တိုက်ခိုက်နေတာကို ရပ်တန့်ပြီး စစ်အာဏာရှင်စနစ်ကို အတူတကွတွန်းလှန်ဖို့ RCSSရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက တရားဝင်ပြောကြားလိုက်တာပါ။ 

ဒါ့အပြင် RCSS/SSA တပ်စခန်းတွေကို ထိုးစစ်ဆင်နေတဲ့ SSPP/SSA တပ်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ကူပေးခဲ့တဲ့ သက်သေတွေရှိနေတယ်လို့ လည်း သူကဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ စစ်ကောင်စီကိုယ်စားလှယ် အဖွဲ့ဟာ SSPP/SSAနဲ့ လာ‌ရောက်တွေ့ဆုံတာတွေရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း RCSS/SSA တပ်စခန်းတွေကို SSPP/SSA တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး SSPP/SSAရဲ့ ပြန်ကြားရေးတာဝန်ရှိသူတွေဖြစ်တဲ့ ဒုဗိုလ်မှူးကြီးစိုင်းစု၊ ဗိုလ်မှူးစိုင်းသန်းအောင်၊ ဗိုလ်မှူးစိုင်းဘုန်းဟန်တို့ကို အကြိမ်ကြိ်မ်ဆက်သွယ်မေးမြန်ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ရှမ်းတိုင်းရင်းသားတွေကို အဓိကအခြေပြုဖွဲ့စည်းထားတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ ညီညွတ်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကိုအတူတကွ တိုက်ထုတ်ဖို့ ပြည်တွင်း ပြည်ပရှိ  ရှမ်းအရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်း တောင်းဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up