close

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ရှေ့နေများက ကိုယ်ပိုင်ငွေကြေးဖြင့် ကူညီမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အကူအညီတောင်းခံမှုနဲ့ ဆေးဝါးနဲ့ စားစရာရိက္ခာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ သူ့ရဲ့ရှေ့နေတွေက ကိုယ်ပိုင်ငွေကြေးတွေနဲ့  အတတ်နိုင်ဆုံးကူညီမှာဖြစ်တယ်လို့  အတိုင်ပင်ခံရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဇွန်လ ၇ ရက်နေ့ ရုံးချိန်းမတိုင်ခင် ရှေ့နေတွေနဲ့တွေ့ဆုံရာမှာ သူနဲ့ သူနဲ့ အတူနေ မိသားစုတွေအတွက်  ရိက္ခာနဲ့ဆေးဝါးဝယ်ဖို့ ငွေကြေးလိုအပ်နေတဲ့အတွက် ရှေ့နေတွေထံ အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ ဘာသာအတွင်းမှာ ကိုယ်စီကိုယ်စီတာဝန်ယူပြီးတော့ တတ်နိုင် သလောက်ကူညီကြမှာပဲ။ ထောင်ဝင်စာပို့သလိုပေါ့ဗျာ။ အခုဆိုရင် ရန်ကုန်ကဦးကြည်ဝင်းတို့ကစပြီးတော့ ပို့ပါတယ်။ လေးသိန်းဖိုးလောက် ရှိမယ်။ ကျနော်တို့ကပဲ  ကျနော်တို့ တတ်နိုင်သလောက်လုပ်ကြရမှာပါပဲ။ သူ့ရဲ့ လိုအပ်ချက်တွေပြည့် အောင်ကြိုးစား ပါမယ်ဗျ။ ကျနော်တို့ ငွေကြေးဓနနဲ့ ကြိုးစားမှာပါ။ သူကလည်းပဲ အကူအညီတောင်းတာ ကျနော်တို့ကိုအကူအညီတောင်းတာ။ တခြားဘယ်သူ့ကိုပြောပေးပါဆိုပြီး ပြောတာမဟုတ်ဘူးဗျ။ အဲ့ဒါ ကြောင့်ပါ" လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီက အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စတင်ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး သူအပါအဝင်  အတူနေမိသားစုဝင် စုစုပေါင်း ၁၀ ဦး အတွက် ဆေးဝါးနဲ့ ရိက္ခာ အသုံးစရိတ်လိုအပ်နေတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနကနေ ဖြည့်ဆည်းပေးမယ်လို့ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ သူ့ရဲ့ ရှေ့နေတွေကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်မှာ စွဲဆိုထားတဲ့ အမှု ၅ မှု၊ ရန်ကုန်မှာစွဲဆိုထားတဲ့အမှုတစ်မှု စုစုပေါင်း အမှုခြောက်မှု ရင်ဆိုင်ခဲ့ရပြီး ဇွန်လ  ၉ ရက်နေ့က  အဂတိ ပုဒ်မတစ်ခုထပ်တိုးလိုက်တဲ့အတွက်  ရင်ဆိုင်နေရတဲ့အမှု စုစုပေါင်း ၇ မှုအထိ ရှိလာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up