အီဂျစ်တရားရုံးက မွတ်စလင်ညီနောင်များအဖွဲ့ဝင် ၁၂ ဦးကို သေဒဏ်ချမှတ်

အီဂျစ်နိုင်ငံရဲ့ အမြင့်ဆုံး အရပ်ဘက်တရားရုံးက မွတ်စလင်ညီနောင်များအဖွဲ့ရဲ့ ထင်ရှားတဲ့ အကြီးတန်း ခေါင်းဆောင် ၁၂ ယောက်ကို ဇွန်လ ၁၄ ရက်က သေဒဏ် စီရင်ချက် ချမှတ်လိုက်ပါတယ်။
၂၀၁၃ ခုနှစ်က ထိုင်သပိတ်ဖြိုခွဲမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူ ရာချီကို သတ်ဖြတ်ခဲ့မှုအတွက် စီရင်တာလို့ တရားရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်လို့ မရနိုင်တာမို့ သူတို့ ၁၂ ယောက်ဟာ သမ္မတ အဘ်ဒယ်ဖှာတာ အယ်လ်စီစီရဲ့ ဆိုင်းငံ့သေဒဏ် အတည်ပြုချက်ကို ရင်ဆိုင်ရနိုင်တယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။
မွတ်စလင်ညီနောင်များအဖွဲ့က အထင်ကရ ပုဂ္ဂိုလ်အများအပြားဟာ စစ်တပ်က သူတို့ရဲ့ သမ္မတ မိုဟာမဒ်မာစီကို ၂၀၁၃ မှာ အာဏာမသိမ်းခင် မတည်ငြိမ်တဲ့ ကာလအတွင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် သေဒဏ် စီရင်ချက်ချခံရပြီးသားပါ။ ဒါပေမဲ့ အယူခံတရားရုံးက အမှုပြန်စစ်ဖို့ အမိန့်ချခဲ့ပါတယ်။
ဇွန် ၁၅ ရက်နေ့ ဆုံးဖြတ်ချက်ကတော့ မြို့တော်ကိုင်ရိုက ရာဘားအဒါဝီယာရင်ပြင်မှာ မွတ်စလင်ညီနောင်အဖွဲ့ကို လိုလားတဲ့ ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်ဖို့ လှုံ့ဆော်မှု လူသတ်မှုတွေနဲ့ စွဲချက်တင်ခံရတဲ့ လူရာချီကို အစုလိုက် စစ်ဆေးစီရင်ခဲ့တာပါ။
ရာဘား ထိုင်သပိတ် ဖြိုခွဲမှုဟာ အီဂျစ်နိုင်ငံ ၂၀၁၁ တော်လှန်ရေးနောက်ပိုင်း မတည်ငြိမ်မှုတွေထဲမှာ တချီတည်းနဲ့ လူအသေအပျောက် အများဆုံး ဖြစ်ရပ်လို့လည်း ရိုက်တာက ဖော်ပြထားပါတယ်။