close

ပေါက်မြို့နယ် ကင်းမရွာမီးရှို့ခံရမှုတွင် ဘိုးဘွား ၂ ဦး မီးလောင်သေဆုံး၊ လူငယ် ၁ ဦးပျောက်ဆုံး

မကွေးတိုင်း၊  ပေါက်မြို့နယ်၊ ကင်းမရွာကို ဇွန် ၁၅ ရက် ညနေပိုင်းက အကြမ်းဖက်စစ်တပ်က  မီးရှို့ဖျက်ဆီးခဲ့ရာမှာ သက်ကြီးရွယ်အို အဘိုး၊ အဘွား လင်မယားနှစ်ယောက်မီးလောင်ကျွမ်း သေဆုံးကာ လူငယ်လေးတစ်ယောက် ပျောက်ဆုံးနေတယ်လို့  ကင်းမရွာဒေသခံတွေဆီကနေ သိရပါတယ်။

ကင်းမရွာကို စစ်တပ်က ဝင်ရောက်မီးရှို့တာကြောင့် အိမ်ခြေ ၂၄၀ လောက်ရှိတဲ့အနက် ၁၅ အိမ်လောက်သာကျန်ပြီး တစ်ရွာလုံးမီးလောင်ကျွမ်းကာ အသက် ၈၉ ကျော်နဲ့ ၉၀ ကျော် အရွယ်ရှိတဲ့ ဦးမြမောင်နဲ့ ဒေါ်ကြီးမှိန်တို့ ဘိုးဘွားလင်မယားနှစ်ယောက် မီးလောင် သေဆုံးခဲ့တယ်လို့ ကင်းမရွာဒေသခံတစ်ယောက်က ပြောပါတယ်။

အသက်ကလည်းကြီး ကျန်းမာရေးကလည်းမကောင်းတော့ အိမ်ထဲမှာ စားစရာတွေစီစဉ်ပြီး သော့ပိတ်ထားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်မီးထဲ ပါမပါ သွားချောင်းကြည့်တဲ့ အသက် ၂၀ ကျော်လောက်ရှိတဲ့ မောင်သီဟမောင် ပျောက်ဆုံးနေပြီးတော့ သေနတ်မှန်သလား၊ အဖမ်းခံရသလားဆိုတာတော့ မသိရသေးဘူးလို့ပြောပါတယ်။

သေနတ်ဒဏ်ရာရခဲ့တဲ့ အသက် ၂၀ ကျော်အရွယ် ကိုချစ်မောင်ကိုတော့ နီးစပ်ရာဆေးရုံ တစ်ရုံကို ပို့ဆောင်ပေးထားရပါတယ်။ 

ကိုချစ်မောင်ဟာ ဇွန်လ ၁၅ ရက် ညနေပိုင်းက ပေါင်ကိုသေနတ်ထိမှန်ပြီးတော့ အကြမ်းဖက်စစ်တပ်တွေရှိနေတာကြောင့် ဆေးရုံချက်ချင်းမပို့နိုင်ဘဲ  တစ်ညလုံးတောထဲမှာ ဒီအတိုင်းထားရတဲ့အတွက် သတိပြန်မရသေးဘူးလို့  သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up