ဂျီ-ဆဲဗင်း နိုင်ငံများက မြန်မာ့ဒီမိုကရေစီရေး အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားမည်

စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ခေါင်းဆောင်တွေ ယူကေအိုင်ငံ ကွန်းဝေါလ်နယ်မြေ ကာဘစ်(စ်) ကမ်းခြေမှာ ဇွန်လ ၁၁ ရက်ကနေ ၁၃ ရက်အထိ တွေ့ဆုံပြုလုပ်သွားတဲ့ အစည်းအဝေးမှာ စစ်တပ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအရေးကိုလည်း အလေးထား ထည့်သွင်းဆွေးနွေးခဲ့ ပါတယ်။
ဂျီ-ဆဲဗင်း ခေါင်းဆောင်တွေဟာ သြစတြေးလျ၊ အိန္ဒိယ၊ ကိုရီးယားသမ္မတနိုင်ငံနဲ့ တောင်အာဖရိက ခေါင်းဆောင်တွေကိုလည်း ဖိတ်ခေါ်ပူးပေါင်းပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လူ့အဖွဲ့အစည်းတွေအတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်မယ့်ကိစ္စတွေကို အသေးစိပ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာပါ။
အစည်းအဝေးအပြီး ထုတ်ပြန်လိုက်တဲ့ အချက် ၇၀ ပါ ကာဘစ်(စ်) ဂျီ-ဆဲဗင်း ထိပ်သီးညီလာခံ ကြေညာချက်ထဲမှာ အပိုဒ် ၅၉ မှာ ဂျီ-ဆဲဗင်း နိုင်ငံတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီအတွက် အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားမယ့်အကြောင်း ဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုကို အပြင်းထန်ဆုံးသော ဝေါဟာရစကားရပ် အသုံးအနှုန်းတွေနဲ့ ဝေဖန်ပြစ်တင် ရှုတ်ချလိုက်ပြီး မတရား ဖမ်းဆီးထားသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တယ်။
တည်ငြိမ်ပြီး အားလုံးပါ၀င်နိုင်တဲ့ ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာ ဦးဆောင်လှုပ်ရှားသူတွေကို အားပေးကူညီ ထောက်ခံပေးဖို့လည်း ကတိပြုပါတယ်။ အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ကိုလည်း ကြိုဆိုပြီး အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့တွေသာမက လက်နက်ရောင်းချမှုကလည်း စစ်တပ်အတွက် အကျိုးရှိစေမှာ မဟုတ်ဘူးလို့ ဂျီ-ဆဲဗင်းရဲ့ကတိကဝတ်ကို သေချာအောင် ထပ်လောင်းပြောကြားလိုက်ပြီး စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း သူတို့ရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အထူးဂရုစိုက် ကျင့်သုံးကြဖို့ တိုက်တွန်းထားပါတယ်။
တကယ်လို့ လိုအပ်သလို ထပ်မံလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ လုပ်သွားဖို့လဲ ဂျီ-ဆဲဗင်းရဲ့ စည်းလုံးမှုကို ထပ်လောင်းအတည်ပြုသွားပါတယ်။
ဂျီ-ဆဲဗင်းနဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ပြီး ထိခိုက်လွယ်သူတွေနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အတားအဆီးမရှိ ရယူနိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်ကို ပံ့ပိုးကူညီဖို့နဲ့ တခြားသူတွေကိုလည်း ပါဝင်ကူညီကြဖို့လည်း အားပေးတိုက်တွန်းလိုက်ကြောင်း ဖော်ပြထားပါတယ်။
ဂျီ-ဆဲဗင်းနဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်ကို အာဏာသိမ်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ကန့်ကွက်ထားပါတယ်။