ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ယူကရိန်းအသင်းတို့ နိုင်ပွဲရ

ဇွန်လ ၁၇ ရက်ညက ကန်သွားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယ ပွဲစဉ်တွေမှာ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ ယူကရိန်းအသင်းတွေ နိုင်ပွဲရသွားပါတယ်။
အုပ်စု (B) က ဒိန်းမတ်နဲ့ ဘယ်လ်ဂျီယံတို့ပွဲစဉ်မှာ ပွဲအစ ၁ မိနစ်နဲ့ ၃၉ စက္ကန့်မှာပဲ ဒိန်းမတ်တိုက်စစ်မှူး ပေါလ်ဆင်က အဖွင့်ဂိုးသွင်းယူခဲ့လို့ ပထမပိုင်းမှာ ဒိန်းမတ်က ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘယ်လ်ဂျီယံက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပြီး ဘယ်လ်ဂျီယံအတွက် ချေပဂိုးကို ပွဲချိန် ၅၄ မိနစ်မှာ သော်ဂမ်ဟာဇက်ကသွင်းခဲ့ကာ အနိုင်ဂိုးကိုတော့ လူစားဝင်ကွင်းလယ်ကစားသမား ဒီဘရိုင်းက ပွဲချိန်မိနစ် ၇၀ မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူးက ရရှိပြီး ဒိန်းမတ်တိုက်စစ်မှူး ပေါလ်ဆင်ကတော့ ပွဲအစ ၁ မိနစ်နဲ့ ၃၉ စက္ကန့်မှာ အဖွင့်ဂိုးသွင်းယူခဲ့လို့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီပွဲအပြီးမှာ ဘယ်လ်ဂျီယံအသင်းဟာ အုပ်စု နှစ်ပွဲဆက်တိုက်အနိုင်ရရှိပြီး ရမှတ် ၆ မှတ် အပြည့်ယူကာ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားပါတယ်။
အုပ်စု (C) ပွဲစဉ်တွေမှာတော့ ယူကရိန်းက မြောက်မက်ဆီဒိုးနီးယားကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး နယ်သာလန်နဲ့ ဩစထြီးယားအသင်းတို့ပွဲစဉ်မှာတော့ နယ်သာလန်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
နယ်သာလန်အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၁၁ မိနစ်မှာ ဒီပိုင်းက ပင်နယ်တီကနေ သွင်းယူခဲ့ပြီး ဒုတိယအနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၆၇ မိနစ်မှာ တောင်ပံကစားသမား ဒမ်ဖရိုင်းစ်က သွင်းယူပေးခဲ့ပါတယ်။
ဇွန်လ ၁၈ ရက်မှာတော့ အုပ်စု (D) က ခရိုအေးရှားနဲ့ ချက်၊ အင်္ဂလန်နဲ့ စကော့တလန်၊ အုပ်စု (E) ဆွီဒင်နဲ့ စလိုဗားကီးယား အသင်းတွေ ယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။