close

ယူကရိန်း

close

May 10, 2023

အမေရိကန်က ယူကရိန်းကို ‌ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီ ပေးမည်

အမေရိကန်ပြည်ထောင်စုဟာ စုစုပေါင်း ပမာဏ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးအစီအစဥ်အသစ်ကို ပံ့ပိုးပေးမှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

အမြောက်တွေ၊ အကြမ်းဖက်ကာကွယ်ရေး ဒုံးကျည်တွေနဲ့ ဒရုန်းတွေအပြင် ကာကွယ်ရေးကို အားကောင်းစေမယ့် တခြားပစ္စည်းတွေဖြစ်ကြောင်း ဇလန်းစကီးက သူ့ရဲ့ ညစဉ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ဘက်ကလည်း ယူကရိန်းအတွက် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံတန် စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်သစ်မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လေ့ကျင့်ရေးရန်ပုံငွေတွေ ပါဝင်မှာဖြစ်ကြောင်း အင်္ဂါနေ့ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

ယူကရိန်းလုံခြုံရေး အထောက်အကူပြုမှု (USAI) က ရန်ပုံငွေတွေကို လက်နက်တွေ ဝယ်ယူရာမှာ အသုံးပြုမှာဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ကိုလည်း အမေရိကန် လက်နက်သိုလှောင်မှုတွေကနေ ဆွဲထုတ်ယူသုံးမယ့်အစား လက်နက်စက်ရုံတွေကနေ ဝယ်ယူခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီရန်ပုံငွေတွေဟာ ၁၅၅ မမ ဟောင်ဝစ်ဇာကျည်တွေ၊ တန်ပြန်ဒရုန်းကျည်ဆန်တွေ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ လေ့ကျင့်မှုအမျိုးအစား အမျိုးမျိုးအတွက် ပေးသွားမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

၂၀၂၃ ဘဏ္ဍာနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာနဟာ သီးခြားကဏ္ဍ ၄ ခု ခေါင်းစဉ်နဲ့ USAI လက်အောက်မှာ ယူကရိန်းကို လုံခြုံရေးအကူအညီ ဒေါ်လာ ၅ ဘီလီယံ ထောက်ပံ့ပေးထားပါတယ်။

၂၀၂၂ ဘဏ္ဍာနှစ်မှာ အမေရိကန်ဟာ ယူကရိန်းကာကွယ်ရေးအတွက် ဝယ်ယူလုပ်ကိုင်မယ့် USAI ရန်ပုံငွေဒေါ်လာ ၆ ဒသမ ၃  ဘီလီယံတန်ဖိုး ထားရှိပေးခဲ့ပါတယ်။

19 hours Ago

ယူကရိန်းနိုင်ငံ ဘတ်ခ်မွတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ဟု ရုရှားကြေးစားစစ်တပ်ပြော

ရုရှားနိုင်ငံက ဝဂ္ဂနာ ကြေးစားစစ်တပ်ရဲ့ အကြီးအကဲ ယက်ဗ်ဂျေညီ ပရီဂေါ့ရှင်က သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ ယူကရိန်းနိုင်ငံ ဘတ်ခ်မွတ်မြို့ကို သိမ်းထားနိုင်ပြီး ယူကရိန်းစစ်တပ်က ထိန်းချုပ်နိုင်တဲ့ ဧရိယာဟာ ဘတ်ခ်မွတ်မြို့ရဲ့ ၂ ဒသမ ၃၇ စတုရန်းကီလိုမီတာသာ ကျန်တော့တယ်လို့ မေ ၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပေးမယ်လို့ ကတိပြုထားတဲ့ လက်နက်ခဲယမ်းတွေကို သူ့ရဲ့ ချေမှုန်းရေးတပ်ဖွဲ့တွေက စောင့်ဆိုင်းနေရတုန်းပဲလို့လည်း ပရီဂေါ့ရှင်က ပြောပါတယ်။

ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ခဲယမ်းမီးကျောက်တွေ မလုံလောက်မှုကြောင့် သူ့တပ်တွေဟာ မေ ၁၀ ရက်မှာ ဘတ်ခ်မွတ်မြို့ကနေ နုတ်ထွက်ပြီး ယူကရိန်းပဋိပက္ခရဲ့ အရှည်ကြာဆုံးနဲ့ သွေးထွက်သံယိုအများဆုံး တိုက်ပွဲမှာ ပါဝင်ပတ်သက်မှုကို အဆုံးသတ်မယ်လို့လည်း ပရီဂေါ့ရှင်က မေ ၅ ရက်မှာ ကြေညာခဲ့ပါတယ်။

ဘတ်ခ်မွတ်မြို့သိမ်းတိုက်ပွဲဟာ ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံလုံးအတွက် အရေးပါပါတယ်။ ယူကရိန်းဟာ ပုံမှန်ရုရှားတပ်တွေနဲ့ ဝဂ္ဂနာ ကြေးစားစစ်တပ်တို့ကို လပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ပြီးတဲ့နောက် မြို့ရဲ့ တချို့နေရာတွေကို ဆက်လက်ထိန်းသိမ်းထားဆဲပါ။

ဝဂ္ဂနာဟာ ဘတ်ခ်မွတ်မြို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်တဲ့ ရုရှားထိုးစစ်ရဲ့ မောင်းနှင်အားလို့ အကဲခတ်တွေက ယူဆကြပါတယ်။ မြို့တွင်းတိုက်ပွဲဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက ပြင်းထန်လာခဲ့ပါတယ်။

22 hours Ago

ရုရှားကျူးကျော်စစ်ပြီးဆုံးသည်အထိ ယူကရိန်းကို ဗြိတိန်နှင့် အမေရိကန် ထောက်ပံ့မည်

ဗြိတိန်နဲ့ အမေရိကန်တို့ဟာ အောင်မြင်တဲ့ နိဂုံးအဆုံးသတ်ရတဲ့အထိ ရုရှားရဲ့ ကျူးကျော်စစ်ကို တန်ပြန်နေတဲ့ ယူကရိန်းကို အထောက်အပံ့ပေးဖို့ မဟာဗျူဟာမြောက် တောင့်ခံနိုင်စွမ်းရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလဲဗာလီက မေ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

“ရှေ့လာမယ့် ထိုးစစ်က ထွက်ပေါ်လာတဲ့ ရလဒ်” လို့ ဆိုပေမဲ့ နှစ်နိုင်ငံစလုံးဟာ ယူကရိန်းကို ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ဝန်ကြီးကလဲဗာလီက ဝါရှင်တန်ဒီစီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဘလင်ကန်က ကုလသမဂ္ဂနဲ့ တူရကီတို့ ကြားဝင်စေ့စပ်ပေးထားတဲ့ ပင်လယ်နက်စိမ်းလန်းမှု စီမံကိန်းကို တိုးချဲ့ဖို့ အရေးတကြီး လိုအပ်နေကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

“ယူကရိန်းနဲ့စစ်ပွဲမှာ လူတွေရဲ့ ငတ်မွတ်မှုကို လက်နက်တခုအနေနဲ့ အသုံးပြုနေတာကို ရပ်ဖို့ မော်စကို ကို ကမ္ဘာကအမြဲတမ်း သတိပေးနေစရာ မလိုအပ်ဘူး”လို့လည်း ဘလင်ကန်က ပြောပါတယ်။

ခရီးစဉ်အတွင်းမှာ ဗြိတိန်ဝန်ကြီး ကလဲဗာလီဟာ မေ ၁၀ ရက်မှာ ကွန်ဂရက်အဖွဲ့ဝင်တွေနဲ့ မတွေ့ဆုံခင် ဘလင်ကန်နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ယူကရိန်းစစ်ပွဲ အောင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် စည်းလုံးညီညွတ်ရေးရဲ့ အရေးပါမှုကို အလေးပေးသွားမှာဖြစ်တယ်လို့ သူ့ရဲ့ရုံးခန်းက ထုတ်ပြန်ထားပါတယ်။

23 hours Ago

May 9, 2023

ပင်လယ်နက်ဖြတ်ကျော် ကောက်ပဲသီးနှံသယ်ယူရေး သဘောတူညီချက်ကို ရုရှားရပ်တန့်

ရုရှားဟာ ပင်လယ်နက်ထဲကို ဝင်လာမယ့် သင်္ဘောတွေကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ရင်း ပင်လယ်နက်ကိုဖြတ်သန်းပြီး ကောက်ပဲသီးနှံသယ်ဖို့ သဘောတူညီချက်ကို ထိထိရောက်ရောက် ရပ်တန့်လိုက်ပြီလို့ ယူကရိန်း ပြန်လည်တည်ဆောက်ရေးဝန်ကြီးဌာနက မေ ၈ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားရဲ့ ဒီလုပ်ရပ်က လက်ရှိသဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေကို ဆန့်ကျင်နေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေကို မနှစ်က ရုရှားက ကျူးကျော်ပြီးတဲ့နောက် ပိတ်ဆို့ထားပေမဲ့ အဲဒီထဲက ၃ ခုကို ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လက ပြန်ဖွင့်ပေးခဲ့ပါတယ်။

ကုန်တင်ဆောင်ဖို့ သင်္ဘော ၆၂ စင်း အပါအဝင် သင်္ဘောအစီး ၉၀ ဟာ ယူကရိန်း ဆိပ်ကမ်းတွေဆီ သွားဖို့ ခွင့်ပြုချက်အတွက် တူရကီရေပိုင်နက်မှာ စောင့်ဆိုင်းနေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

သဘောတူညီချက်ဟာ မေ ၁၈ ရက်မှာ သက်တမ်းကုန်ဆုံးမှာပါ။ ရုရှားအစိုးရကတော့ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ဖြေလျှော့ဖို့ ရည်ရွယ်ထားတဲ့ သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

တူရကီနဲ့ ကုလသမဂ္ဂတို့ကတော့ သဘောတူညီချက်ကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပါတယ်။

2 days Ago
Up