close

တက္ကဆက်တွင် လက်နက်တရားဝင် ဖုံးဝှက်ကိုင်ဆောင်ခွင့်ပြုမည်

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ဟာ လျှို့ဝှက်ကိုင်ဆောင်တဲ့ သေနတ်တွေကို ခွင့်ပြုချက်မလိုဘဲ ဖုံးဝှက် သယ်ဆောင်ခွင့်ပြုလိုက်တဲ့ဥပဒေကြမ်းကို ဇွန် ၁၇ ရက် မှာ ဥပဒေပြဋ္ဌာန်း လက်မှတ် ရေးထိုးလိုက်ပါတယ်။ 

ဒီဥပဒေဟာ တခြားပြည်နယ် ၂၀ မှာ လုပ်ဆောင်ထားပြီးဖြစ်သလို စက်တင်ဘာလ ၁ ရက်မှာ စတင်အကျုံးဝင်မှာ ဖြစ်ပါတယ်။ 

သူဟာ တက္ကဆက်ကို နောက်ထပ် ဘယ်လို ဖက်ဒရယ် သေနတ်တားမြစ်ချက်တွေကိုမှ ထပ်ပြဋ္ဌာန်းတော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ 

တက္ကဆက်ပြည်နယ်ဥပဒေဟာ ပိုမိုတင်းကျပ်တဲ့ သေနတ်ဥပဒေတွေကို ထောက်ခံသူတွေနဲ့ သေနတ်ကို ပိုင်ဆိုင်ရဖို့ အတားအဆီးအများစုကို ဖယ်ရှားလိုသူတွေအကြားက နောက်ဆုံးပေါ် ပြည်နယ်အဆင့် အကြိတ်အနယ်တိုက်ပွဲတခုလည်း ဖြစ်ပါတယ်။ 

အရင်ကတော့ တက္ကဆက်ပြည်နယ်မှာ လျှို့ဝှက်လက်နက် သယ်ဆောင်ချင်တယ်ဆိုရင် လိုင်စင်မရယူခင်မှာ နောက်ကြောင်းစစ်ဆေးမှု ပြုလုပ်ပြီး လေးနာရီမှ ခြောက်နာရီကြာ သေနတ်ဥပဒေများ၊ ပဋိပက္ခ လျှော့ချခြင်းနဲ့ လက်တွေ့မီးဘေးလေ့ကျင့်ရေးတွေကို သင်ယူ လေ့ကျင့်ရပါတယ်။ 

ဒီဥပဒေမူကြမ်းအရ တက္ကဆက်ပြည်နယ်မှာ လူသေဆုံးမှု ပိုတိုးလာနိုင်တယ်လို့ အမေရိကန် ပြည်ထောင်စုတဝန်း ပိုမိုတင်းကျပ်တဲ့ သေနတ်စည်းမျဉ်းစည်းကမ်းတွေအတွက် လုပ်ဆောင်နေတဲ့ Gun Safety for Everytown အဖွဲ့က ဝေဖန်ထားပါတယ်။

သေနတ်အကြမ်းဖက်မှုကြောင့် လတ်တလော စာရင်းဇယားအပြည့်စုံဆုံးဖြစ်တဲ့ ၂၀၁၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၃၈,၇၀၇ ဦး သေဆုံးခဲ့ပြီး တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေထက် အလွန်အကျွံများပြားနေတယ်လို့ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC) က ဆိုထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up