လက်ဘနွန်အပြောင်းအလဲအပေါ် တားဆီးပါက အရေးယူမည်ဟု ဥရောပသမဂ္ဂ ခြိမ်းခြောက်

လက်ဘနွန်နိုင်ငံမှာ အစိုးရသစ်ဖွဲ့စည်းဖို့နဲ့ ပြုပြင်ပြောင်းလဲမှု အကောင်အထည်ဖော်ဖို့ ခြေလှမ်းတွေကို ဆက်ပြီး တားဆီးနေရင် တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်း အတွက်အပြစ်တင်ခံရမှာဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံရ နိုင်တယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လစီအကြီးအကဲက ဇွန် ၁၉ ရက်မှာ လက်ဘနွန်နိုင်ငံ ခေါင်းဆောင်တွေကို ပြောကြားလိုက်ပါတယ်။
သမ္မတ မိုက်ကယ်အွန်ရန်နဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဆိုပြီးနောက်မှာ ဂျိုဆက်ဘော်ရဲလ် က တိုင်းပြည်ဟာ ဘဏ္ဍာရေးပြိုလဲခါနီး အခြေအနေနဲ့ရင်ဆိုင်နေရပြီး နိုင်ငံရေးသမားတွေအနေနဲ့ နောက်ထပ် အချိန်ဖြုန်းလို့ မရနိုင်တော့ဘူးလို့ ခိုင်မာတဲ့သတင်းစကား ပါးခဲ့တယ်လို့ ပြောပါတယ်။
ဘော်ရဲလ်ဟာ ပါလီမန်ဥက္ကဋ္ဌလည်းဖြစ်တဲ့ အိမ်စောင့်၀န်ကြီးချုပ် ဟာရီရီနဲ့လည်း ဘေရွတ်မှာ တွေ့ဆုံဖို့ရှိပြီး ဆွေးနွေးမှုတွေ ပြီးသွားရင် အီးယူနိုင်ငံခြားရေးဝန်ကြီးတွေဆီ ပြန်အစီရင်ခံရမှာ ဖြစ်ပါတယ်။
လက်ဘနွန်နိုင်ငံရဲ့ ငွေကြေးဟာ သူ့တန်ဖိုးရဲ့ ၉၀ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်။ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပြီး ငွေကြေးဖောင်းပွမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ လောင်စာဆီနဲ့ အစားအစာရှားပါးမှုတွေနဲ့ ရုန်းကန်နေကြရတာပါ။
ဒီအကျပ််အတည်းကလည်း အလွန်အမင်းလိုအပ်နေတဲ့ နိုင်ငံခြားအကူအညီတွေကို လမ်းဖွင့်ပေးနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အစပျိုးလုပ်ဆောင်နိုင်မယ့် အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းတဲ့ကိစ္စအပေါ်သမ္မတ မိုက်ကယ်အွန်ရန်နဲ့ နောက်တက်မယ့်ဝန်ကြီးချုပ် ဆာ့ဒ်အယ်လ် ဟာရီရီတို့အကြားက လနဲ့ချီပြီး ကြာနေတဲ့ သဘောကွဲလွဲမှုကြောင့် ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ အငြင်းပွားနေကြပေမဲ့ တစ်နှစ်ကို ဒေါ်လာ ၆ ဘီလီယံကုန်ကျတဲ့ လောင်စာနဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်ကို ပံ့ပိုးဖို့ ရံပုံငွေတွေကို တိုင်းပြည်ရဲ့ ဗဟိုဘဏ်ကနေ အတင်းတောင်းယူနေရဆဲဖြစ်ပြီး ဝန်ကြီးတွေကတော့ လက်ဘနွန်ဟာ မတတ်နိုင်တော့တဲ့အခြေအနေ ရောက်နေပြီလို့ ပြောဆိုနေကြပါတယ်။