အီတလီက ဝေးလ်ကို (၁-၀)ဂိုးဖြင့်နိုင်၊ ကစားသမားများခြေစွမ်းပြခဲ့သဖြင့် နည်းပြကျေနပ်

အီတလီအသင်းဟာ မနေ့ညက ဝေးလ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို၂၀၂၀ အုပ်စုပွဲစဉ်မှာ ပွဲထွက်ကစားသမားစာရင်းကို ၈ ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။
ရှေ့ ၂ ပွဲက လူစာရင်းကနေ ဂိုးသမား ဒွန်နာရမ်မာ၊ နောက်ခံလူ ဘူနူချီနဲ့ ကွင်းလယ်လူ ယော်ဂင်ညိုတို့က လွဲပြီး တခြားကစားသမား ၈ ဦးအထိ အပြောင်းအလဲလုပ်ခဲ့တာပါ။
ဒီလိုအပြောင်းအလဲလုပ်ခဲ့ပေမယ့် ခြေစွမ်းပြကစားနိုင်ခဲ့လို့ ကျေနပ်ကြောင်း ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းကလည်း ပွဲတိုင်းကိုအနိုင်ရယူချင်ကြောင်း အီတလီနည်းပြ မန်ချီနီက ပြောပါတယ်။
“ ၈ ယောက်အပြောင်းအလဲလုပ်ခဲ့ပေမယ့် အသင်းရဲ့ခြေစွမ်းဆက်လက်ကောင်း မွန်ခဲ့တာက အရေးပါပါတယ်။ ကစားသမားတိုင်းက သူတို့လုပ်ရမလဲဆိုတာကိုသိကြပါတယ်”လို့ မန်ချီနီကပြောပါတယ်။
မနေ့ညကပွဲမှာ အီတလီအသင်းဟာ ဝေးလ်ကိုကွင်းလယ်ကစားသမား ပီဆင်နာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး အုပ်စု ၃ ပွဲစလုံး အနိုင်ရကာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။
ဝေးလ်အသင်းကလည်း ဆွစ်ဇာလန်နဲ့ ရမှတ်တူညီခဲ့သလို ထိပ်တိုက်တွေ့ဆုံမှုလည်းတူညီခဲ့ပေမယ့် ဂိုးကွာခြားချက်အရ အုပ်စုဒုတိယရပြီး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
မနေ့ညက ကန်သွားတဲ့ အုပ်စု (A) တခြားပွဲစဉ်တစ်ခုမှာတော့ ဆွစ်ဇာလန်က တူရကီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဆွစ်ဇာလန်ကတော့ အကောင်းဆုံး တတိယ ၄ သင်းနေရာအတွက် ဆက်ပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်။