close

CDM ၀န်ထမ်းများကို ဝိုင်းမော်ရောင်စုံလူငယ်အဖွဲ့က ကူညီထောက်ပံ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ စစ်အာဏာရှင်ကိုလက်မခံဘဲ CDM ၀င်နေတဲ့ ပြည်သူ့၀န်ထမ်းတွေကို ဝိုင်းမော် ရောင်စုံလူငယ်များအဖွဲ့က ဇွန် ၂၂ ရက်နေ့မှာ စားသောက်ကုန်တွေ သွားရောက်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

CDM ပြုလုပ်ပြီး အခက်အခဲကြုံနေတဲ့ ပြည်သူ့၀န်ထမ်း ၁၃ ယောက်အတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားနဲ့ ငွေကြေးအချို့ကူညီထောက်ပံ့ပေးခဲ့ကြတာပါ။

အမည်မဖော်လိုတဲ့ CDM ဆရာမတစ်ဦးက “အားရှိတာပေါ့ မထင်ထားဘူး၊ ခုလို CDM ပြုလုပ်တဲ့သူတွေကို ကူညီထောက်ပံ့ပေးတာတွေရှိတော့ ပိုပြီးအားရတယ်။ ပြည်သူတွေစည်းလုံးရင် နိုင်ကိုနိုင်တယ်” လို့ ပြောပါတယ်။

ဝိုင်းမော်အခြေစိုက် လူမျိုးဘာသာမရွေးဖွဲ့စည်းထားတဲ့ ရောင်စုံလူငယ်အဖွဲ့ CYG ဟာ စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနား၊ ဝိုင်းမော်ရှိ အခက်အခဲကြုံနေတဲ့ စစ်ရှောင်တွေနဲ့ CDM ၀န်ထမ်းတွေကို အဓိက ကူညီထောက်ပံ့မှုတွေ ပေးနေတာဖြစ်ပါတယ်။ 

ပြည်ပရောက် ဝိုင်းမော်လူငယ်တွေနဲ့ ဒေသတွင်း လုပ်ငန်းရှင်တွေက CYG အဖွဲ့ကို လှူဒါန်းပေးတာရှိသလို လူငယ်တွေက ဈေးရောင်း ရန်ပုံ‌ငွေရှာဖွေတာတွေပြုလုပ်ပြီး ကူညီထောက်ပံ့လှူဒါန်း‌နေကြတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up