အဓမ္မပြုကျင့်ပြီး ပြည့်တန်ဆာအိမ်တွင်ရောင်းစားခဲ့သည့် ပထွေးကို ပြင်သစ်အမျိုးသမီး ပစ်သတ်

ပြင်သစ်နိုင်ငံ အရှေ့ပိုင်းမှာ ပထွေးဖြစ်သူကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံရတဲ့ ပြင်သစ် အမျိုးသမီးရဲ့ တရားခွင်ကို ဇွန်လ ၂၁ ရက်မှာ စတင်စစ်ဆေးပါတယ်။
အသက် ၄၀ အရွယ် ဗလေရီဘာကို့တ်ဟာ သူ့ကို အဓမ္မပြုကျင့်ပြီး ပြည့်တန်ဆာအိမ်မှာ ရောင်းစားခဲ့တဲ့ ပထွေးကို ၂၀၁၆ မတ်လက အသေပစ်သတ်ခဲ့တာပါ။
ဘာကို့တ်ရဲ့ ပထွေးဖြစ်သူ၊ မိခင်ရဲ့ ချစ်သူ ပိုလတ်တေဟာ ဘာကို့တ် ၁၂ နှစ် အရွယ်ကတည်းက စတင် အဓမ္မပြုကျင့်ခဲ့ပြီး အဲဒီအတွက် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပေမဲ့ ထောင်က လွတ်လာချိန်မှာ မိသားစုနဲ့ ပြန်ဆုံစည်းခွင့်ရခဲ့ပါတယ်။
ပိုလက်တေဟာ ဘာကို့တ်ကို ဆက်အဓမ္မပြုကျင့်ခဲ့ပြီး အိမ်နဲ့ အဝေးပြေးရပ်နားစခန်းတွေမှာ ပြည့်တန်ဆာအဖြစ် အတင်းဖိအားပေး ခိုင်းစေခဲ့တယ်လို့ ဘာကို့တ်က ပြောပါတယ်။
သူဟာ ပထွေးနဲ့ ကလေး ၄ ယောက် ရခဲ့ပြီး သူ့သမီးကိုပါ ပထွေးက စပြီး စိတ်ဝင်စားလာမှာ စိုးရိမ်လို့ ပစ်သတ်ခဲ့တာလို့ ပြောပါတယ်။
“ဗလေရီ ဘာကို့တ်ဟာ အသင့်ဖြစ်နေပြီ။ သူဟာ သူ့အကြောင်း ရှင်းပြလိမ့်မယ်။ ပြင်သစ်နိုင်ငံထဲက ဗလေရီလို အမျိုးသမီးအားလုံး ကိုယ်စား သူက စကားပြောလိမ့်မယ်”လို့ သူ့ရှေ့နေ နာတာလီ တိုမာစီနီက ပြောပါတယ်။
ငါးရက်ကြာ ကြားနာစစ်ဆေးပွဲရဲ့ ဒုတိယနေ့ ဇွန်လ ၂၂ရက်မှာ ဘာကို့တ်ဟာ ဒီဂျွန်မြို့နားက ရှာလွန်ဆာစဝမ်မြို့တရားရုံးကို ဘာကို့တ် ရောက်လာချိန်မှာ သတင်းထောက်တွေ သူ့နောက်က တန်းစီ လိုက်လာခဲ့ကြပါတယ်။