ထိုင်းစစ်သား ၁ ဦးက 7-Eleven ဆိုင်နှင့် ကိုဗစ်ယာယီဆေးရုံထဲဝင်ရောက်ပစ်ခတ် ၂ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်နဲ့ ပထုန်ဌာနီခရိုင်မှာ ဇွန်လ ၂၄ ရက် မနက် ၂ နာရီလောက်က ထိုင်းစစ်သားဝတ်စုံဝတ်ထားသူ တစ်ယောက်က 7-Eleven ကုန်စုံဆိုင်နဲ့ ကိုဗစ်-၁၉ ယာယီဆေးရုံထဲကို ဝင်ရောက်ပစ်ခတ်ရာမှာ ကုန်စုံဆိုင်ဝန်ထမ်း ၁ ဦးနဲ့ ဆေးရုံထဲက လူနာ ၁ ဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဦးထုပ်အနီ၊ ပြောက်ကျားစစ်ဝတ်စုံ၊ ဂျင်းဘောင်းဘီရှည်ဝတ်ထားတဲ့ အသက် ၂၀ ကျော်ခန့်ရှိ လူ ၁ ဦးဟာ မျက်နှာဖုံးတပ်ဆင်ခြင်းမရှိဘဲ အရင်ဆုံး ဘန်ကောက် လတ်ဖရောက်နယ်မြေရှိ 7-Eleven ကုန်စုံဆိုင်ကိုဝင်ရောက်ပြီး ဆိုင်ဝန်ထမ်းကို ပစ်ခတ်လို့ ဝန်ထမ်းက ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
အဲဒီနောက် အဖြူရောင်အီဇူးစူးကားကို မောင်းနှင်ပြီး ပထုန်ဌာနီမြို့က ကိုဗစ်-၁၉ လူနာတွေအတွက် ယာယီတည်ဆောက်ထားတဲ့ ဆေးရုံထဲ ဝင်ရောက်ပစ်ခတ်ရာမှာ ကိုဗစ်-၁၉ လူနာ ၁ ဦးထိမှန်သေဆုံးပြီး ဆေးရုံမှန်ပြတင်းနဲ့ ပရိဘောဂတွေထိမှန်ပျက်စီးခဲ့ပါတယ်။
အဲဒီနောက်သူဟာ ပြန်ထွက်လာပြီး ကားနဲ့ထွက်ပြေးသွားလို့ တာဝန်ရှိသူတွေက အပူတပြင်း လိုက်လံရှာဖွေခဲ့ကြပါတယ်။ သူဟာ မျက်နှာဖုံးကွယ်ထားခြင်းမရှိတာကြောင့် ဘယ်သူဘယ်ဝါ ဆိုတာကို နာရီပိုင်းအတွင်းမှာဘဲ တာဝန်ရှိသူတွေက စုံစမ်းသိရှိခဲ့ပါတယ်။
အဆိုပါ သေနတ်သမားဟာ အသက် ၂၃ နှစ်ရွယ်ရှိ နိုင်းကဝင်းဆိုင်နင်းကွန်း ဆိုသူ ကြည်းတပ်လေ့ကျင့်ရေးသင်တန်းသားတစ်ဦးဖြစ်ခဲ့ဖူးပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက တပ်ကနေထွက်သွားပြီလို့ မိခင်တပ်ရင်းက ပြောပါတယ်။
သူ့ရဲ့မိခင်ကတော့ သားဖြစ်သူမှာ စိတ်ကျရောဂါဖြစ်နေတယ်လို့ ထွက်ဆိုထားပါတယ်။ လောလောဆယ် သူ့ကားကို ချွန်းဖွန်းခရိုင်မှာ တွေ့ရှိထားပြီး ထိုင်းတောင်ပိုင်းဘက်ကို တာစူမောင်းနှင်နေကြောင်း၊ ဒါကြောင့် တာဝန်ရှိသူတွေက သက်ဆိုင်ရာကို ချိတ်ဆက်သတင်းပို့ထားသလို လုပ်သားပြည်သူတွေအနေနဲ့လည်း အဆိုပါသေနတ်သမားကို တွေ့ရှိက နီးစပ်ရာ ရဲစခန်းနဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ ကြေညာထားပါတယ်။