close

စာနယ်ဇင်းလွတ်လပ်ခွင့် ပြန်ဖော်ဆောင်လိုလျှင် WikiLeaks ပိုင်ရှင်ကို လွှတ်ပေးရမည်ဟု ကိုယ်စားလှယ်ပြော

သမ္မတဂျိုးဘိုင်ဒန်ဟာ အမေရိကန်ပြည်ထောင်စုကို စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် မီးပြတိုက်တဆောင် ပြန်ဖြစ်စေချင်ရင် WikiLeaks တည်ထောင်သူ Julian Assange ကို ပြန်လွှတ်ပေးရမယ်လို့ Assange နဲ့ စေ့စပ်ထားသူအမျိုးသမီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။  

ဝါရှင်တန်အစိုးရဟာ လျှို့ဝှက်အမေရိကန်စစ်ရေးမှတ်တမ်းတွေနဲ့ သံတမန်ရေး ကြေးနန်းတွေကို အလုံးအရင်းလိုက် ဖော်ထုတ်ဖွင့်ချခဲ့တာကြောင့် အသက်အန္တရာယ်တွေဖြစ်စေမှုနဲ့စွပ်စွဲထားပြီး အကြီးကျယ်ဆုံး လျှို့ဝှက်သတင်း အချက်အလက်ပေါက်ကြားမှုမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ပြေး Assange ကို အမေရိကန်ပြည်ထောင်စုဆီ ပြန်လည်လွှဲပြောင်းပေးစေချင်နေတာပါ။

 Assange ရဲ့ လုပ်ရပ်ကြောင့် နာမည်တွေနဲ့တကွ စာရင်းပေါက်ကြားခဲ့ရတဲ့ အေးဂျင့်တွေရဲ့ ဘဝတွေ ခြိမ်းခြောက်ခံနေရတာအတွက် ယူအက်စ် အစိုးရရှေ့နေတွေနဲ့ အနောက်တိုင်း လုံခြုံရေးအရာရှိတွေက Assange ကို အဆင်အခြင်မဲ့တဲ့ နိုင်ငံတော်ရန်သူအဖြစ် သဘောထားနေကြတာပါ။ 

Assange ဟာ ပထမတော့ လန်ဒန်မှာရှိတဲ့ အက်ကွေဒေါသံရုံးထဲမှာ ၇ နှစ် နေထိုင်ခဲ့ပါတယ်။  

Assange ဟာ အခု ဗြိတိန်နိုင်ငံမှာ ထောင်ဒဏ် ၉ နှစ်ကျခံနေရပြီး အမေရိကန်ဆီ ပြန်ပို့လိုက်ရင် သူ အသက်ရှင်နိုင်တော့မှာမဟုတ်ဘူးလို့ Assange နဲ့ စေ့စပ်ထားတဲ့ Stella Moris နဲ့ ဗြိတိသျှတရားသူကြီးတို့က သတိပေးပြောကြားထားပါတယ်။ 

ဗြိတိန်တရားသူကြီး Vanessa Baraitser က ဒီအမှုနဲ့ပတ်သက်ပြီး  ၂၀၁၉ တုန်းက Assange ကို အမေရိကန် ပြန်ပို့ဖို့ အမေရိကန်ရဲ့တောင်းဆိုမှုကို လက်ခံခဲ့ပေမဲ့ Assange ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအရ ပြန်ပို့ခံရရင် သူ့ကိုယ်သူသတ်သေမယ့် အန္တရာယ်ရှိနေတာကြောင့် အမေရိကန်ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်တယ်လို့ ဇန်နဝါရီလက ပြောပါတယ်။ 

အမေရိကန် တရားရေးဌာနကလည်း Assange ကို  လျှို့ဝှက်ကြံစည်မှု စွဲချက်ကို ရင်ဆိုင်ဖို့ နိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးစေဖို့ ဆက်လုပ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

Assange ကို လုံခြုံရေးမြင့်တဲ့ Belmarsh အကျဉ်းထောင်မှာထားရှိပြီး တရုတ်နဲ့ ဆော်ဒီအာရေးဗီးယားတို့မှာ ဂျာနယ်လစ်တွေကို ပြုမူဆက်ဆံပုံမျိုး ဆက်ဆံတယ်လို့  Stella Moris က ပြောပါတယ်။ 

ဒီအမှုကို ဘိုင်ဒန်အစိုးရအောက်မှာ ကွဲပြားခြားနားတဲ့ အမြင်တွေနဲ့ သုံးသပ်ပေးဖို့ မျှော်လင့်နေပြီး သူ့ရဲ့ရှေ့နေအဖွဲ့ကတော့ အမေရိကန်အရာရှိတွေနဲ့ ဆွေးနွေးခဲ့တာ ရှိ မရှိကိုတော့ ပြောပြဖို့ Stella Moris က ငြင်းဆန်ထားပါတယ်။ 

သူနဲ့ Assange ရဲ့ မွေးထားတဲ့ သားလေး ၂ ယောက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Belmarsh ထောင်ကို ခေါ်လာခဲ့ပြီး တနှစ်ကျော်အတွင်း ပထမဆုံး ထိတွေ့ခွင့်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up