close

WikiLeaks

close

June 26, 2021

စာနယ်ဇင်းလွတ်လပ်ခွင့် ပြန်ဖော်ဆောင်လိုလျှင် WikiLeaks ပိုင်ရှင်ကို လွှတ်ပေးရမည်ဟု ကိုယ်စားလှယ်ပြော

သမ္မတဂျိုးဘိုင်ဒန်ဟာ အမေရိကန်ပြည်ထောင်စုကို စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် မီးပြတိုက်တဆောင် ပြန်ဖြစ်စေချင်ရင် WikiLeaks တည်ထောင်သူ Julian Assange ကို ပြန်လွှတ်ပေးရမယ်လို့ Assange နဲ့ စေ့စပ်ထားသူအမျိုးသမီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။  

ဝါရှင်တန်အစိုးရဟာ လျှို့ဝှက်အမေရိကန်စစ်ရေးမှတ်တမ်းတွေနဲ့ သံတမန်ရေး ကြေးနန်းတွေကို အလုံးအရင်းလိုက် ဖော်ထုတ်ဖွင့်ချခဲ့တာကြောင့် အသက်အန္တရာယ်တွေဖြစ်စေမှုနဲ့စွပ်စွဲထားပြီး အကြီးကျယ်ဆုံး လျှို့ဝှက်သတင်း အချက်အလက်ပေါက်ကြားမှုမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ပြေး Assange ကို အမေရိကန်ပြည်ထောင်စုဆီ ပြန်လည်လွှဲပြောင်းပေးစေချင်နေတာပါ။

 Assange ရဲ့ လုပ်ရပ်ကြောင့် နာမည်တွေနဲ့တကွ စာရင်းပေါက်ကြားခဲ့ရတဲ့ အေးဂျင့်တွေရဲ့ ဘဝတွေ ခြိမ်းခြောက်ခံနေရတာအတွက် ယူအက်စ် အစိုးရရှေ့နေတွေနဲ့ အနောက်တိုင်း လုံခြုံရေးအရာရှိတွေက Assange ကို အဆင်အခြင်မဲ့တဲ့ နိုင်ငံတော်ရန်သူအဖြစ် သဘောထားနေကြတာပါ။ 

Assange ဟာ ပထမတော့ လန်ဒန်မှာရှိတဲ့ အက်ကွေဒေါသံရုံးထဲမှာ ၇ နှစ် နေထိုင်ခဲ့ပါတယ်။  

Assange ဟာ အခု ဗြိတိန်နိုင်ငံမှာ ထောင်ဒဏ် ၉ နှစ်ကျခံနေရပြီး အမေရိကန်ဆီ ပြန်ပို့လိုက်ရင် သူ အသက်ရှင်နိုင်တော့မှာမဟုတ်ဘူးလို့ Assange နဲ့ စေ့စပ်ထားတဲ့ Stella Moris နဲ့ ဗြိတိသျှတရားသူကြီးတို့က သတိပေးပြောကြားထားပါတယ်။ 

ဗြိတိန်တရားသူကြီး Vanessa Baraitser က ဒီအမှုနဲ့ပတ်သက်ပြီး  ၂၀၁၉ တုန်းက Assange ကို အမေရိကန် ပြန်ပို့ဖို့ အမေရိကန်ရဲ့တောင်းဆိုမှုကို လက်ခံခဲ့ပေမဲ့ Assange ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအရ ပြန်ပို့ခံရရင် သူ့ကိုယ်သူသတ်သေမယ့် အန္တရာယ်ရှိနေတာကြောင့် အမေရိကန်ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်တယ်လို့ ဇန်နဝါရီလက ပြောပါတယ်။ 

အမေရိကန် တရားရေးဌာနကလည်း Assange ကို  လျှို့ဝှက်ကြံစည်မှု စွဲချက်ကို ရင်ဆိုင်ဖို့ နိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးစေဖို့ ဆက်လုပ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

Assange ကို လုံခြုံရေးမြင့်တဲ့ Belmarsh အကျဉ်းထောင်မှာထားရှိပြီး တရုတ်နဲ့ ဆော်ဒီအာရေးဗီးယားတို့မှာ ဂျာနယ်လစ်တွေကို ပြုမူဆက်ဆံပုံမျိုး ဆက်ဆံတယ်လို့  Stella Moris က ပြောပါတယ်။ 

ဒီအမှုကို ဘိုင်ဒန်အစိုးရအောက်မှာ ကွဲပြားခြားနားတဲ့ အမြင်တွေနဲ့ သုံးသပ်ပေးဖို့ မျှော်လင့်နေပြီး သူ့ရဲ့ရှေ့နေအဖွဲ့ကတော့ အမေရိကန်အရာရှိတွေနဲ့ ဆွေးနွေးခဲ့တာ ရှိ မရှိကိုတော့ ပြောပြဖို့ Stella Moris က ငြင်းဆန်ထားပါတယ်။ 

သူနဲ့ Assange ရဲ့ မွေးထားတဲ့ သားလေး ၂ ယောက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Belmarsh ထောင်ကို ခေါ်လာခဲ့ပြီး တနှစ်ကျော်အတွင်း ပထမဆုံး ထိတွေ့ခွင့်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

10 months Ago

January 5, 2021

ဝီကီလိခ် တည်ထောင်သူအား နိုင်ငံရေး ခိုလှုံခွင့်ပေးမည်ဟု မက္ကဆီကိုသမ္မတ ပြော

ဝီကီလိခ် တည်ထောင်သူ ဂျူလီယန်အက်ဆန်ကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ အသင့်ရှိတယ်လို့ မက္ကဆီကိုသမ္မတ လိုပက်ဇ်အော်ဘရေဒိုက ဇန်နဝါရီ ၄ ရက်မှာ ပြောပါတယ်။  ဒါ့အပြင် အက်ဆန်ကို အမေရိကန်ဆီ လွှဲမပေးတဲ့ ဗြိတိန်တရားသူကြီး ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ သူက ဆိုပါတယ်။  မစ္စတာအာဆန်ကို လွှတ်ပြီး မက္ကဆီကိုမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးလို့ ရ၊ မရ ဗြိတိန်အစိုးရကို မေးမြန်းသွားမယ်လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အော်ဘရေဒိုက ပြောခဲ့တာပါ။  လွန်ခဲ့တဲ့ တစ်နှစ်ကလည်း အာဆန်ကို လွှတ်ပေးဖို့ ဗြိတိန်အစိုးရကို အော်ဘရေဒိုက တိုက်တွန်းခဲ့ပြီး ဝီကီလိခ်အထောက်အထားတွေက ကမ္ဘာ့အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကို ပြသတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
1 year Ago

ဝီကီလိခ်စ်တည်ထောင်သူအား အမေရိကန်သို့လွှဲပေးရေး လန်ဒန်တရားရုံး ပယ်ချ

ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ဖွင့်ချတဲ့ ဝီကီလိခ်စ် အင်တာနက် စာမျက်နှာတည်ထောင်သူ ဂျူလီယာအာဆန်ကို ထောက်ခံသူတွေ ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်က အိုးလ်ဒ်ဘိုင်လေတရားရုံးအပြင်မှာ ဇန်နဝါရီ ၄ ရက်က အောင်ပွဲခံနေကြပါတယ်။ အာဆန်ကို သူလျှိုမှု အပါအဝင် စွဲချက်တွေကို ရင်ဆိုင်ဖို့ အမေရိကန်နိုင်ငံဆီ လွှဲပေးရေး တောင်းဆိုချက်ကို တရားသူကြီးက ငြင်းပယ်လိုက်အပြီး ခုလို အောင်ပွဲခံနေတာပါ။ ၂၀၁၉ ခုနှစ်တည်းက ဗြိတိန်နိုင်ငံက ထောင်ထဲမှာ နေရတဲ့ အာဆန်ဟာ အမေရိကန် စစ်တပ်ရဲ့ လျှို့ဝှက်သတင်း အချက်အလက်တွေကို ဝီကီလိခ်စ်ကနေတဆင့် ဖြန့်ချိမှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက အမှုပေါင်း ၁၈ မှုနဲ့ စွပ်စွဲခံထားရပါတယ်။ ဒါ့အပြင် သူ့ကို အမေရိကန်မှာ တရားစီရင်ဖို့ အမေရိကန်ကို လွှဲပေးရေး မနှစ်က ဇွန်လမှာ တရားဝင် တောင်းဆိုထားပါတယ်။ အကျဉ်းသား လွှဲပြောင်းရေးဟာ အာဆန်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဟန့်တား ချိုးဖောက်ရာကျမှာ စိုးရိမ်လို့ လွှဲမပေးသင့်ဘူးလို့ တရားသူကြီးက ပြောဆို ပယ်ချပါတယ်။ တကယ်လို့ အမေရိကန်ရဲ့ လုံခြုံရေးအမြင့်ဆုံး ထောင်ထဲမှာ ထိန်းသိမ်းခံရရင် အာဆန်ဟာ သူ့ကိုယ်သူ သတ်သေမယ့် တကယ့်ဘေးလည်း ရှိနေတယ်လို့ တရားသူကြီးက ပြောပါတယ်။ လန်ဒန် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် အစိုးရရှေ့နေတွေက အယူခံဝင်ဦးမှာပါ။ ဒီအမှုဟာ တရားလွှတ်တော်ချုပ်ထိ ရောက်သွားနိုင်တယ်လို့ ရိုက်တာ သတင်းမှာ သုံးသပ်ပါတယ်။ အာဆန်ကို အာမခံနဲ့ လွှတ်ပေးဖို့ သူ့ရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ ကြိုးစားကြဦးမှာပါ။ အာဆန်ဟာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်တခုလုံး အကျဉ်းကျသလို ပုန်းအောင်းနေရပြီး ထောင်လည်း ကျခဲ့ပြီးပါပြီ။ တရားစီရင်ရေး လုပ်ငန်းစဉ်တရပ်လုံးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရရဲ့ နိုင်ငံရေးအကွက်ရွှေ့မှုလို့ အာဆန်ရဲ့ ရှေ့နေအဖွဲ့က ငြင်းခုံပြောဆိုပါတယ်။ အာဆန်ကို အကျဉ်းသားအဖြစ် အမေရိကန်ကို လွှဲပေးလိုက်ပါက သတင်းထောက်တွေရဲ့ အလုပ်ကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်ရာ ရောက်လိမ့်မယ်လို့လည်း သူတို့က ပြောပါတယ်။
1 year Ago
Up