close

စစ်ကောင်စီထုတ်ကုန်နှင့်၀န်ဆောင်မှုများ မသုံးကြရန် TNLA အမိန့်ထုတ်

မြန်မာစစ်တပ်အသိုင်းအဝိုင်းနဲ့ ဆက်နွှယ်တဲ့ ကုန်စည်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေကို ဒီလကုန်ကစပြီး အရောင်းအဝယ်မလုပ်ကြဖို့၊ အားမပေးကြဖို့ တအာင်းပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA က အမိန့်တစ်ရပ်ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ TNLA အဖွဲ့ရဲ့ တအာင်းဘာသာနဲ့ ဇွန်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေကို ဇူလိုင်လ ၁ ရက်နေ့ကစလို့ သုံးစွဲအားပေးခြင်းမပြုကြဖို့ တားမြစ်ထားပါတယ်။

တားမြစ်ကုန်နဲ့ ၀န်ဆောင်မှုတွေထဲမှာ တပ်နဲ့ပတ်သက်ဆက်နွှယ်ထုတ်လုပ်တဲ့ အရက်၊ ဘီယာ၊ စီးကရက်၊ အချိုရည်၊ ဘိလပ်မြေ၊ မော်တော်ယာဉ်လိုင်း စတာတွေ ပါ၀င်ပါတယ်။

ဒီထုတ်ပြန်ချက်ကို မြို့ပေါ်၊ ကျေးရွာတွေက ဆိုင်တွေထံ ပေးပို့ထားပြီး၊ မလိုက်နာသူတွေကို ထပ်ဆင့်သတိပေးမှာဖြစ်သလို ထပ်မံမလိုက်နာရင်တော့ အရေးယူမယ်လို့ ဆိုပါတယ်။

ဒေသခံ တအာင်းအမျိုးသားတဦးက “ဒီလိုထုတ်ပြန်ချက်က အရင်ကလည်းရှိခဲ့တယ်၊ ဒါပေမယ့် အခုလောက်ထိ တင်းကျပ်မှု မရှိဘူးဗျ။ တရားဝင်စာသဘောမျိုး ဆိုင်တွေကို လိုက်ပို့တာမျိုးမရှိဘူး။ စစ်တပ်က အာဏာမသိမ်းခင် ဟိုးအရင်နှစ်တွေကတည်းက ပြောထားတာမျိုးရှိတယ်။ ဒါပေမယ့် ရောင်းနေကြတာပဲ၊ အရေးယူမှုတော့မရှိဘူး။ ဒါပေမယ့် ဒီတခေါက်က ဒီဇွန်လကုန်ထိပဲရောင်းခွင့်ပြုပြီး စာပို့ထားတဲ့အတိုင်းပဲ ဒီလကုန်ထိ ထပ်ရောင်းတာကို စစ်ဆေးတွေ့ရှိရင် သတိပေးမယ်၊ သတိပေးလို့မှ ထပ်ပြီး ရောင်းချတာတွေ့ရင် သူတို့ဥပဒေနဲ့ သူတို့ အရေးယူမယ်ဆိုတဲ့ဟာမျိုး အဲလိုပုံစံမျိုးပဲ ရေးထားတာ” လို့ ပြောပါတယ်။

ဒီသတိပေးချက်မှာ အကြုံးဝင်တဲ့ မြို့တွေကတော့ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲစတဲ့ မြို့နယ်တွေတယ်လို့ သူက ပြောပါတယ်။ ဘယ်လို အရေးယူမယ်ဆိုတာတော့ ထည့်သွင်းရေးသားထားခြင်းမရှိပါဘူး။

TNLA အဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ  စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတဲ့ အဖွဲ့တခုဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up