close

ရန်ကုန်အင်းစိန်ထောင်မှ အကျဉ်းသား ၇၀၀ ယနေ့လွှတ်ပေးမည်ဟုဆို

အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်အင်းစိန်ထောင်ကနေ အကျဉ်းသား ၇၀၀ ကို ဒီနေ့ လွှတ်ပေးမယ်လို့ အကျဉ်းထောင်အကြီးအကဲ ဦးဇော်ဇော်က ရိုက်တာသတင်းကို ပြောကြားခဲ့ပါတယ်။ 

ဘယ်သူတွေ လွတ်မြောက်မယ် ဆိုတာကိုတော့ ထောင်မှူးက အတိအကျပြောဖို့ ငြင်းဆန်ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်တင်မြှောက်ခံအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ လူပေါင်း ၅၀၀၀ ကျော် ထိန်းသိမ်းခံထားရတယ်လို့ တက်ကြွလှုပ်ရှားသူများ အဖွဲ့တဖွဲ့က ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီနောက်ပိုင်းကတည်းက ဖမ်းဆီးခံထားရသူတွေထဲကနေ တစ်နိုင်ငံလုံးအရ ၂၃၄၂ ဦး ဒီနေ့ ပြန်လွှတ်ပေးဖို့ရှိပြီး ဒီအထဲမှာ အင်းစိန်ထောင်က ၇၀၀ ကျော် ပါဝင်တယ်လို့ အကျဉ်းဦးစီး သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ 

ပြန်လွှတ်မယ်ဆိုတဲ့ သတင်းကြောင့် လက်ရှိ မနက်ပိုင်း အင်းစိန်ထောင်ရှေ့မှာ လူပေါင်းရာနဲ့ချီ လာရောက်စောင့်ဆိုင်းနေကြပြီး ထောင်ဝင်းထဲမှာ YBS ကားကြီးတွေ ဝင်သွားတယ်လို့ အင်းစိန်ထောင်ရှေ့ ရောက်နေသူတစ်ဦးက ပြောပါတယ်။ 

အင်းစိန်ထောင်ကနေ ပြန်လွတ်မယ့်သူတွေကို YBS ကားတွေနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေကို ပို့ဆောင်ပြီးမှ ပြန်လွှတ်မှာ ဖြစ်ပါတယ်။ 

ဒီနေ့ လွှတ်မယ့်အထဲမှာ အနုပညာရှင်တချို့နဲ့ သတင်းသမားတချို့လည်း ပါဝင်တယ်လို့ ကနေဦး သတင်းရရှိထားပါတယ်။ အာဏာသိမ်း စစ်ကောင်စီကနေ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတဲ့ အနုပညာရှင် ၂၄ ဦးကို မနေ့ညက အမှုပြန်လည်ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

ဒီနေ့ ညနေ ၃ နာရီအထိတော့ အကျဉ်းသားတွေ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up