ဝိုင်းမော်ရှိ နေအိမ် ၁ အိမ်ကို စစ်တပ်ကဝင်စီး၊ ၁ ဦးသေဆုံးပြီး ၃၀ ကျော် ဖမ်းခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က မိုင်းနားကျေးရွာရှိ နေအိမ် တစ်အိမ်ကို ဇူလိုင် ၁ ရက် မနက် ၄ နာရီလောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ၀င်ရောက်စီးနင်း ပစ်ခတ်မှုကြောင့် ၁ ယောက်သေဆုံးပြီး ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
မိုင်းနားကျေးရွာ ရက်ကွက် ၂ လ၀မ်ကထောင်ရှိ ဦးအင်ဂေါင်ဇော်အောင် မိသားစုနေအိမ်အသစ်မှာ အိမ်သစ်တက် မင်္ဂလာဆုတောင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေစဉ် မနက် ၄ နာရီကျော်လောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်တွေ အင်အားအလုံးအရင်းနဲ့ ၀င်ရောက်လာ ပြီး နေအိမ်ပတ်၀န်းကျင်တစ်ဝိုက် သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦးက ပြောပါတယ်။
“မနက်အစောကြီးမှ ထပစ်တာ၊ အိမ်နဲ့က တော်တော်ဝေးတာတောင် ကောင်းကောင်း ကြားရတယ်။ လူတစ်ယောက်သေတယ်၊ ပေါင်မှာ ထိတာလည်း ရှိသေးတယ်။”
အိမ်ရှင်နဲ့အတူ အိမ်သစ်တက်ပွဲအတွက် ကူညီနေသူ ဒေသခံ ၃၀ ကို အချုပ်ကား ၃ စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
အကြမ်းဖက်စစ်ကောင်စီတပ်က ဦးအင်ဂေါင်ဇော်အောင်ရဲ့အိမ်ကို ဘာကြောင့် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။
ဇွန်လ ၂၃ ရက်က အဆိုပါမိုင်းနားကျေးရွာရှိ ဗလမင်းထင်တံတားနားက စုပေါင်းဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ရှောင်တခင်၀င်ရောက်တိုက်ခိုက်ခဲ့တာ ရှိပါတယ်။