ဂမ္ဘီရယုံကြည်သူ ဗြိတိန်ဆယ်ကျော်သက် ၁ ဦးက ညီအစ်မ ၂ ယောက်ကိုသတ်ဖြတ်

ဗြိတိန်ဆယ်ကျော်သက်တစ်ယောက်ဟာ ညီအစ်မ နှစ်ယောက်ကို သတ်ခဲ့တဲ့အမှုနဲ့ အပြစ်ရှိကြောင်း လန်ဒန်တရားရုံးက ဇူလိုင် ၆ ရက်မှာ စစ်ဆေးတွေ့ရှိခဲ့ပြီး အမှုကိုပြစ်ဒဏ်စီရင်ဖို့ ရှိနေပါတယ်။
စူပါဂျက်ပေါ့ ထီပေါက်ဖို့ ၆ လတိုင်းမှာ အမျိုးသမီး ၆ ယောက်ကို စတေးမယ့် မကောင်းဆိုးဝါး စီးနေတဲ့ ကတိကဝတ်ရဲ့ အစိတ်အပိုင်းအနေနဲ့ အသက် ၁၉ နှစ်အရွယ် ဒန်ယယ်ဟူစိန်ဟာ အသက် ၄၆ နှစ်အရွယ် ဘီဘာဟန်နရီနဲ့ အသက် ၂၇ နှစ်အရွယ် နီကိုး စမောမန်းတို့ကို လန်ဒန် အနောက်မြောက်ဘက်က ကျေးလက် ပန်းခြံထဲမှာ မနှစ်က ဇွန်လက တိုက်ခိုက် သတ်ဖြတ် ခဲ့ပါတယ်။
သူတို့ဟာ ဟင်နရီရဲ့ မွေးနေ့ကိုသူငယ်ချင်းတွေနဲ့ ဆင်နွှဲအပြီး အသတ်ခံရတာလို့ ရဲက ပြောပါတယ်။ ဟူစိန်ဟာ မကောင်းဆိုးဝါးဘုရင် လူစီဖေ့ချ် ရိုဖှိုကာလေနဲ့ သဘောတူစာချုပ်ကို သူ့သွေးနဲ့ လက်မှတ်ထိုးခဲ့ပြီး စာချုပ်အရ သူ့ဝတ္တရားကို ဖြည့်ဆည်းဖို့ လူသတ်ခဲ့တာ ဖြစ်တယ်၊ ဟူစိန်ဟာ ဓားနဲ့ ဟင်နရီကို ၈ ချက်၊ စမောမဲန်းကို ၂၈ ချက် ထိုးသတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။
အမေနဲ့အတူနေတဲ့ ဟူစိန်ကို အခင်းဖြစ်ရာ နေရာက သွေးကွက်တွေကို ခြေရာခံလိုက်ရင်း သီတင်းပတ် လေးပတ်အကြာမှာ ဖမ်းနိုင်ခဲ့တာလို့ ရဲက သတင်းထောက်တွေကို ပြောပါတယ်။
လူသတ်ချိန်မှာ ရခဲ့တဲ့ လက်က ဒဏ်ရာကြောင့် နောက်ထပ် ဆက်လူမသတ်နိုင်တော့တာလို့လည်း ယုံကြည်ကြပါတယ်။
ရဲစုံထောက်တွေက ဟူစိန်ရဲ့ အိမ်ကို ရှာချိန်မှာတော့ နတ်ဆိုးသင်္ကေတတွေနဲ့ လက်ရေးနဲ့ ရေးထားတဲ့ မန္တန်တွေပါတဲ့ စာအုပ်ကိုတွေ့ ခဲ့တယ်လို့ ရဲက ပြောပါတယ်။
ဟူစိန်ကတော့ ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ငြင်းဆန်ခဲ့ပေမဲ့ လန်ဒန်ရဲ့ အိုးဘိုင်လေ တရားရုံးက သူ့ကို လူသတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့လို့ သူ့ကို နောက်နေ့မှာ စီရင်ချက် ချမှာပါ။
ဟူစိန်ဟာ ဘယ်လိုလုပ်ပြီး ဂမ္ဘီရပညာတွေကို စွဲမက်လာခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိဘူးလို့ ရဲက ပြောပါတယ်။
ဟူစိန်ဟာ ကလေးဘဝကတည်းက အမြစ်တွယ်တဲ့ ဖွံ့ဖြိုးမှုနဲ့ဆိုင်တဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်ဖြစ်ခဲ့ဖူးတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြပါတယ်။