ခင်ဦးမြို့နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသန်းကျေးရွာမှာ ဇူလိုင် ၆ ရက်နေ့ ၇ နာရီခွဲက ပျူစောထီးခေါင်းဆောင် ၁ ဦး အသတ်ခံရတယ်လို့ သိရပါတယ်။
“အခုမနက်က သတ်ခံရတယ်၊ လယ်ပြင်ထဲမှာ ရွာသန်းကျေးရွာက ပျူစောထီး ခေါင်းဆောင် ဦးအုန်းမြိုင် အသက် ၅၂ နှစ်၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဦးအုန်းမြိုင်ဟာ ခင်ဦးအရှေ့ဘက်ရွာက လူငယ်တွေ ပျူစောထီးသင်တန်းတက်ဖို့ စည်းရုံးလှုပ်ရှားနေသူဖြစ်ပြီး ရွာသန်းရွာမှာ စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးဖိုးချိုက ရွာမှာ မနေရဲဘဲ တိမ်းရှောင်နေတာကြောင့် အုပ်ချုပ်ရေးမှူးရဲ့ တာဝန်တွေကိုလည်း လုပ်ဆောင်နေသူဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ် ။
ခင်ဦးမြို့နယ် ပျူစောထီးအဖွဲ့ခေါင်းကို ဘယ်သူသတ်သွားတယ်၊ ဘယ်အဖွဲ့က သတ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူးလို့ ဆိုပါတယ်။