မဲဆောက်တွင် ညမထွက်ရ ကာဖျူးအမိန့်ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ အရှိန်မြင့်လာတဲ့ အတွက် ညမထွက်ရ ကာဖျူးအမိန့်ထုတ်ပြန်ဖို့ တာ့ခ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲ ရေး အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
တာ့ခ်ခရိုင်ထဲမှာ ဇူလိုင်လ ၇ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၆၆ ဦး တွေ့ရှိပြီး ဇွန်လ ၁ ရက်မှ ဇူလိုင် ၇ ရက်အထိ ကူးစက်ခံရသူစုစုပေါင်း ၁၅၆၆ ဦးရှိသွားပြီလို့ ကာကွယ်ရေးနဲ့စီမံခန့်ခွဲ ရေးဥက္ကဋ္ဌလည်းဖြစ် တာ့ခ်ခရိုင်ဝန်လည်းဖြစ်တဲ့ နိုင်းဖုန်းဆ်ရတ် ဖိရူမ်ရတ်က မနေ့က ကိုဗစ်-၁၉ ကာကွယ်ရေးအစည်းအဝေးမှာ ပြောပါတယ်။
အဆိုပါ ကူးစက်ခံရသူတွေထဲမှာ လက်ရှိဆေးရုံမှာ ကုသခံနေသူ ၁၁၂၉ ဦးရှိပြီး သေဆုံးသူ ၈ ဦးရှိကြောင်း ထပ်မံကူးစက်ခံရသူထဲမှာ ၅၇ ဦးဟာ မဲဆောက်မှာတွေ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ဖုပ်ဖရမြို့နယ်မှာ ၅ ဦး၊ မဲ့လမတ်မှာ ၁ ဦး၊ ထာ့ဆောင်ယန်းမှာ ၁ ဦး၊ ဘန့်တာ့ခ်မှာ ၁ ဦး၊ ဝမ်ကယောက်မှာ ၁ ဦးလို့ ဆိုပါတယ်။
ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းအရှိန်အဟုန်မြှင့်တဲ့အနေနဲ့ ညမထွက်ရအမိန့်ထုတ်ဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
အဆိုပါဆုံးဖြတ်ချက်အရ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ည ၈ နာရီမှ မနက် ၄ နာရီတွင်း အပြင်မထွက်ဖို့ သာမန်ပြည်သူတွေအနေနဲ့လည်း ည ၁၁ နာရီမှ မနက် ၄ နာရီအတွင်း အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စားသောက်ဆိုင်နဲ့ဘားဆိုင်တွေမှာ အရက်ထိုင်မသောက်ရ၊ စားသောက်ဆိုင်တွေ ည ၈ နာရီ အထိသာဖွင့်ပြီး ၈ နာရီထက်ကျော်က ပါဆယ်နဲ့သာ ရောင်းချဖို့၊ လူစုလူဝေးအ ခမ်းအနာတွေ မကျင်းပရ ( အသုဘ နှင့် ရှင်ပြုရဟန်းခံကိစ္စတွင် လူ ၅၀ ဦးထက်ပို၍ ပါဝင်ခွင့်မပြု) ၊ ကုန်တိုက်တွေကိုလည်း ည ၉ နာရီထိသာ ဖွင့်လှစ်ရန် ညွှန်ကြားဖို့ ဆုံးဖြတ်ပါတယ်။
ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ လာရောက်တည်းခိုသူတွေရဲ့ အမည်နဲ့ခရီးသွား ရာဇဝင်တွေ သက်ဆိုင်ရာကို စာရင်းတင်ပြဖို့၊ ပြင်ပဆေးခန်းနဲ့ ဆေးဆိုင်တွေမှာ အဖျားရှိသူ ချောင်းဆိုး လည်ချောင်းနာသူတွေတွေ့ရင် AIR ကိုအကြောင်းကြားဖို့ စတဲ့အချက်တွေပါ ဆွေးနွေးဆုံးဖြတ်ပါတယ်။
တာ့ခ်ခရိုင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အစုံပေါင်း ၈၄၀၀၀ ရောက်လာပြီဖြစ်ကြောင်း၊ အဲဒီထဲက ရောဂါကူးစက်မှုမြင့်မားတဲ့နေရာမှာ လူ ၅၀၀၀ ကိုဆေးထိုးပေးခဲ့ပြီး ကျန်တာကို မြို့နယ်အလိုက်ခွဲပေးသွားမယ့်အကြောင်း၊ ကာကွယ်ဆေးကို သက်ကြီးရွယ်အိုတွေ ကြိုတင်နာမည်စာရင်းပေးသွင်းထားသူတွေကို ဦးစားပေးထိုးနှံပေးမယ်လို့ ဆိုပါတယ်။
မဲဆောက်နဲ့တကွ တာ့ခ်ခရိုင်ရှိမြို့နယ် ၅ ခုမှာ ကိုဗစ်-၁၉ လူနာများအတွက် မကြာခင် ယာယီဆေးရုံတွေဖွင့်လှစ်ဖို့ရှိပြီး တခြားခရိုင်ကနေပြီး တာဝန်အရ တာ့ခ်ခရိုင်ထဲ ဝင်ရောက်လာမယ့် အစိုးရဝန်ထမ်းတွေကို စနစ်တကျလက်ခံရေးတွေပါ ဆွေးနွေးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။