ပုသိမ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ပြည်သူ ၂၄ ဦး ထပ်မံ သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ကြောင့် ဇူလိုင် ၁၁ ရက်နေ့က ၂၄ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ အောက်ဆီဂျင်မရှိလို့ သေဆုံးတာဖြစ်တယ်လို့ လူမှုကူညီရေးဆောင်ရွက်နေသူထံက သိရပါတယ်။
“အောက်ဆီဂျင် မရတာကြောင့် သေဆုံးတာ ပိုများတယ်။ ညဘက်တွေမှာ အရေးပေါ်အောက်ဆီဂျင်ကျပြီး သေဆုံးတာ များတယ်။ အောက်ဆီဂျင်အိုးတွေက ပုသိမ်မှာ ဝယ်လို့မရသလို ရန်ကုန်မှာပါ တက်ဝယ်တာ မရဘူး။ အခုပုံအတိုင်း ဆို မလွယ်ဘူး” လို့ ပုသိမ်မြို့ လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
မနေ့က ပုသိမ်ဆေးရုံကြီးက ၁၃ ဦးနဲ့ နေအိမ်တွေ ၁၁ ဦး ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ ပုသိမ်မြို့ခံတစ်ဦးက “ပုသိမ်မှာ အောက်ဆီဂျင် လိုအပ်ချက်များနေတယ်။ လှူတယ်၊ လှူတာတွေလည်း လှူတယ်။ အောက်ဆီဂျင်အိုး မရှိတာရယ်၊ ညဘက်တွေ အောက်ဆီပြတ်တာ ဖြစ်တော့ ရှာရခက်ပြီး သေဆုံးတာတွေဖြစ်နေတာ၊ အာဏာသိမ်းပြီး ပြည်သူအတွက် ဘာမှမလုပ်ပေးဘူး” လို့ ပြောပါတယ်။
ပုသိမ်မြို့မှာ ဇူလိုင် ၁ ရက်မှ ၁၁ ရက်အထိ ကိုဗစ်-၁၉ နဲ့ သေဆုံးသူ ၉၆ ဦး ရှိသွားပြီဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။
Photos : မနောဖြူ လူမှုကူညီရေးအဖွဲ့