close

မတရားသည့်အမိန့်များ မနာခံလိုပါက စစ်တပ်ထဲမှ ထွက်ကြရန် CDM တပ်မတော်အရာရှိများ တိုက်တွန်း

စစ်တပ်က နိုင်ငံတော်အာဏာ တရားမဝင်သိမ်းလိုက်တဲ့အချိန်ကစပြီး ပေးလိုက်တဲ့အမိန့်တွေက မတရားတဲ့အမိန့်တွေဖြစ်လို့ တပ်မတော်အရာရှိစစ်သည်တွေအနေနဲ့ အဲဒီမတရားတဲ့အမိန့်တွေကို မနာခံချင်ရင် စစ်တပ်ထဲကနေထွက်ခဲ့ကြဖို့ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်လာတဲ့ တပ်မတော်အရာရှိတွေက တိုက်တွန်းပြောပါတယ်။

လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ မဲစာရင်းမှားယွင်းမှုကို အကြောင်းပြပြီး စစ်ခေါင်းဆောင်တွေက  နိုင်ငံတော်အာဏာကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ သိမ်းယူခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ခေါင်းဆောင်တွေက ပြည်သူတွေကို ဖြိုခွင်းဖို့ပေးလိုက်တဲ့ အမိန့်တွေအားလုံးဟာ မတရားတဲ့အမိန့်တွေဖြစ်နေတာကြောင့် အဲဒီအမိန့်တွေကို မလိုက်နာချင်ရင် စစ်တပ်ထဲကနေ ထွက်ခဲ့ကြဖို့  CDM တပ်မတော်အရာရှိ ဗိုလ်ကြီးထွန်းမြတ်အောင်က တိုက်တွန်းပြောပါတယ်။

စစ်အာဏာသိမ်းမှုကို လက်သင့်မခံဘဲ လမ်းပေါ်ထွက်ဆန္ဒပြခဲ့တဲ့ ပြည်သူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခဲ့လို့  ပြည်သူ ၉၀၀ နီးပါးသေဆုံးပြီး ၅၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာ လူငယ်အများစုက စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ထုတ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေထံသွားရောက်ခဲ့ပြီး အခြေခံစစ်ပညာသင်ယူကာ ရရာလက်နက်နဲ့ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေကြပါတယ်။

ဒါတွေကို ဖြိုခွဲဖို့အမိန့်ပေးခံရပြီဆိုရင် လုပ်ဆောင်မယ့် တပ်မတော်သားတွေက အဲဒီအမိန့်တစ်ခုပေါ်သေချာစဉ်စားသင့်တယ်လို့ Captain Zero က ထောက်ပြပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုတွေများနေတဲ့အချိန် ပြည်သူတွေအတွက် မကြည့်နိုင်ဘဲ အာဏာတည်မြဲရေးကို ဆက်လက်ဖက်တွယ်ထားတဲ့ တပ်မတော်ဟာ တိုင်းပြည်အတွက် အဖျက်စွမ်းအားကြီးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့လည်း CDM လုပ်ဆောင်ထားတဲ့ တပ်မတော်အရာရှိတွေက ဝေဖန်ပါတယ်။ 

ဒီလိုအခြေနေတွေမှာ တိုင်းပြည်နဲ့ပြည်သူကို ကြည့်ပြီး တပ်မတော်သားတစ်ယောက်အနေနဲ့ ဆက်ပြီး ရပ်တည်ချင်တဲ့သူတွေအနေနဲ့ ပြည်သူ့တပ်မတော်နဲ့အမြန်ပူးပေါင်းကြဖို့လိုတယ်လို့ ဗိုလ်မှူးဟိန်းသော်ဦးက တိုက်တွန်းပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့လုပ်ရပ်ကို မကြိုက်တဲ့အတွက် အာဏာဖီဆန်မှုလှုပ်ရှားမှုမှာပါဝင်လာတဲ့တပ်မတော်အရာရှိစစ်သည် ၁၀၀၀ နီးပါးရှိ‌နေပါတယ်။

တပ်ထဲကနေထွက်လာမယ့် တပ်မတော်သားတွေကိုလည်း ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကြိုဆို ကူညီစောင့်ရှောက်ပေးကြဖို့ အာဏာဖီဆန်မှုလှုပ်ရှားမှုမှာပါဝင်လာတဲ့ တပ်မတော်သားတွေက တိုက်တွန်းပါတယ်။

Photo- DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up