close

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အဂတိလိုက်စားမှု ၄ မှုဖြင့် တရားစွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိလိုက်စားမှု ၄ မှုနဲ့ မန္တလေးတိုင်းတရားလွှတ်တော်မှာ တရားစွဲထားတယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးက ဇူလိုင် ၁၂ ရက်နေ့ရုံးချိန်းအပြီးမှာ ပြောပါတယ်။ 

ဒေါ်မင်းမင်းစိုး (နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေ) က “အမေကတော့ ကျန်းမာပါတယ်။ နောက်ပြီးတော့ အမေ့ကိုစွဲထားတဲ့ အဂတိအမှုက လောလောဆယ်မှာ ၄ မှုလို့ပြောတယ်။ အဲဒီ ၄ မှုက လောလောဆယ်မှာ အတိအကျတော့ မသိရသေးဘူး။ အမှုနံပါတ်တွေနဲ့ ဘာတွေနဲ့က အဲ့တာ ၂၂ ရက်နေ့ရုံးချိန်းလို့လည်း ပြောတယ်၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှာ။”

ဇူလိုင် ၁၂ ရက်နေ့ရုံးချိန်းမှာ အတိုင်ပင်ခံနဲ့ သမ္မတတို့ နှစ်ဦးပေါင်း ၄ မှုအတွက် တရားလိုပြသက်သေတွေကို နေပြည်တော်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။ 

သမ္မတနဲ့ အတိုင်ပင်ခံတို့ကို စွဲထားတဲ့ သဘာဝဘေးပုဒ်မ ၂၅ အတွက် တရားလိုပြသက်သေဖြစ်တဲ့ ရွှေကြာပင်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးဝင်းလှိုင်ကို စစ်ဆေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့အတွက်လည်း တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ အတိုင်ပင်ခံနဲ့ပတ်သက်တဲ့အမှုတွေမှာ တရားလိုပြသက်သေတွေက သက်သေရှာဖွေရာမှာ ရှာဖွေဝရမ်းမပါဘဲ ရှာဖွေခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

“ဆက်သွယ်ရေးပစ္စည်းတွေကို သိမ်းဆည်းတုန်းကလည်း ဗိုလ်မှူးတွေဆီမှာ ရှာဖွေဝရမ်းမပါခဲ့ဘူးဆိုတာ ဖြေပါတယ်။ နောက်ကိုယ်ရေးအရာရှိဆောင်မှာ သိမ်းဆည်းစဉ်ကလည်း ကိုယ်ရေးအရာရှိဆောင်မှာ တာဝန်ကျဝန်ထမ်းရှိလားဆို မရှိဘူး။ ရဲကင်းဂိတ်မှာလည်း တာဝန်ကျဝန်ထမ်းတွေရှိသလားဆိုတော့လည်း မရှိဘူးလို့ပြောပါတယ်။ အနီးကပ်လုံခြုံရေးဆောင်မှာလည်း ဆက်သွယ်ရေးပစ္စည်းတွေကို သိမ်းဆည်းတဲ့အခါမှာ လုံခြုံရေးတွေမ ရှိဘူးလားဆိုတော့ မရှိဘူးလို့ပဲဖြေပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲဆိုထားတဲ့အမှုတွေကို မူလသတ်မှတ်ရက် ၆ လထက် အချိန်ပိုယူပြီး စစ်ဆေးရနိုင်တယ်လို့ ရှေ့နေတွေက  ပြောဆိုထားပါတယ်။ 

ဇူလိုင် ၁၂ ရက်နေ့မှာ စစ်ဆေးခဲ့တဲ့ အမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ စတဲ့ အမှုသုံးမှုဖြစ်ပါတယ်။ 

သမ္မတဦးဝင်းမြင့်ကိုတော့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့အမှုကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up