ကနီမြို့နယ်တွင် စစ်တပ်၏သတ်ဖြတ်မှုကြောင့် ပြည်သူ ၂၇ ဦး ထက်မနည်းသေဆုံး




စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်အာဏာသိမ်းချိန်ကစပြီး ဇူလိုင် ၁၄ ရက်အထိ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်လို့ သေဆုံးခဲ့တဲ့ ပြည်သူ ၂၇ ဦးထက်မနည်း ရှိပြီလို့ ဒေသခံတွေနဲ့ နာရေးကူညီမှုအသင်းတွေက ပြောပါတယ်။
ကနီမြို့နယ်က ပြည်သူတွေဟာ စစ်တပ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး နည်းလမ်းပေါင်းစုံနဲ့ တက်တက်ကြွကြွ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။
အဲဒီလို ဆန္ဒပြတဲ့ကျေးရွာတိုင်းမှာ အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်နေတာလို့ ကနီဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ကနီမြို့နယ်မှာဆို ဘယ်လက်နက်မှမကိုင်၊ ဘယ် PDF အဖွဲ့ဝင်မှ မဟုတ်တဲ့ သူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးအသတ်ခံရတာ ၂၇ ဦးကျော်နေပါပြီ။ ပထမက ချောင်းမကျေးရွာက ကိုကျော်နိုင်။ သူ့ကိုလာဖမ်းပြီး ကနီမြို့နယ်ရဲစခန်းကို ဖမ်းခေါ်သွာတယ်။ နောက်နေ့ အလောင်းလာယူဆိုပြီး သတ်ပစ်တာ။ ဒါ ကနီမြို့နယ်ရဲ့ ပထမဆုံးတစ်ယောက်ပေါ့ဗျ” လို့ ပြောပါတယ်။
မေလ ၁၂ ရက်နေ့ကလည်း သမင်ခြံကျေးရွာက စိတ်ဝေဒနာသည် ကိုကျော်မြင့်ကို ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က နေအိမ်တွင်းအထိ သေနတ်နဲ့ လာပစ်သတ်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ငါဖျတ်ရွာက ပြည်သူ ၁ ဦး ဖမ်းဆီးအသတ်ခံလိုက်ရတာ၊ မျှိုင်းလမ်းခွဲမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦး မေလ ၂၂ ရက်က သေဆုံးသွားတာ၊ မေလ ၂၄ ရက်က မြောင်ကုန်းရွာက မောင်ဖိုးဆွေ အသက်က ၃၅ နှစ် နေအိမ်အတွင်း ပစ်သတ်ခံရတာ၊ ဆယ်ရွာချောင်ဒေသမှာ ပြည်သူ ၂ ဦး၊ မိချောင်းတွင်းကျေးရွာမှာ ပြည်သူ ၂ ဦး အသတ်ခံရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဇူလိုင် ၉ ရက်နေ့ကလည်း ယင်းကျေးရွာက ၁၅ ဦးနဲ့ ကုန်းသာကျေးရွာက ၂ ဦး စုစုပေါင်း ၁၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့တယ်လို့ နာရေးကူညီမှု ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“နောက်နေ့ အဲဒီစစ်ကောင်စီတပ်တွေလည်း ပြန်သွားရော အဖမ်းခံထားတဲ့သူတွေကိုသတ်ပြီး တောထဲက ချောက်ကြားတွေထဲ ပစ်ထားခဲ့ကြတာ။ ဒါကျနော်တို့ အလောင်းရှာရသလောက် စာရင်းပေါ့။ ဒီထက်များနိုင်တယ်။ ပျောက်ဆုံးနေတဲ့ သူတွေလည်း အများအပြား ကျန်နေသေးတယ်။”
စစ်တပ်က သတ်ဖြတ်ထားတဲ့သူတွေရဲ့ ရုပ်အလောင်းအများစုမှာ ကြိုးတုပ်ပြီး နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ အများအပြားတွေ့ရတယ်လို့ အလောင်းကောက်ရာမှာ ကူညီလုပ်ကိုင်ပေးနေသူတွေက ပြောပါတယ်။
အလောင်းကောက်ရာမှာ ပါဝင်သူတစ်ဦးက “ကျနော်တို့ရှာတွေတဲ့အလောင်း အတော်များများကတော့ ခြေထောက်မှာ ကြိုးတုပ်ထားတယ်။ နှိပ်စက်ထားတယ်လို့ ယူဆရတယ်။ တရွတ်ဆွဲသွားထားတာ တွေ့တယ်။ လည်ပင်း၊ လက်နဲ့ခြေထောက်ကို ကြိုးတွေချည်ပြီး တရွတ်ဆွဲ နှိပ်စက်သတ်ဖြတ်ကြတယ်လို့ ထင်တယ်။ ဘယ်လိုမှ ကောက်မရသလို အန္တရာယ်ကြီးလို့ မီးသင်္ဂြိုဟ်ခဲ့ရတာတွေလည်း ရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယင်းမာပင်၊ မင်းကင်းနဲ့ ရေဦး စတဲ့မြို့နယ်တွေက အပြစ်မဲ့ပြည်သူတွေကိုလည်း ဖမ်းဆီးပစ်သတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့နယ်အပါအဝင် အဲဒီမြို့နယ်တွေက ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေ ဝင်လာပါက ဖမ်းဆီးသတ်ဖြတ်မှာ စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ကြပြီး တပ်တွေ ပြန်ထွက်သွားမှ နေအိမ်မှာ ပြန်လည်နေထိုင်ကြရတယ်လို့ သိရပါတယ်။