close

ကနီမြို့နယ်

close

April 22, 2023

ကနီမြို့နယ်တွင် လေပြင်းကြောင့် နေအိမ်များပျက်စီး၊ အချိန်အခါမဟုတ်မိုးကြောင့် စစ်ဘေးရှောင်များ အခက်ကြုံ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတချို့မှာ ဧပြီ ၂၁ ရက် ညနေ ၅ နာရီက လေပြင်းတိုက်ကာ  မိုးရွာသွန်းတာကြောင့်  လူနေအိမ် တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အခုလို လေပြင်းတိုက်လို့ နေအိမ်တချို့ ပျက်စီးခဲ့ရသလို ‌အချိန်အခါမဲ့ မိုးရွာတာကြောင့်  နေ‌ရေး၊ ထိုင်ရေးမှာပါ ဒုက္ခရောက်ခဲ့တယ်လို့သိရပါတယ်။

အိုင်တောင်ဒေသခံရွာသား တဦးက “လေက အတော်လေးကြမ်းတယ်။ အိုင်တောင်ရွာမက အိမ် ၃၅ လုံး ခေါင်မိုးတွေလန်ပျက်စီးသွားတယ်။ လျှပ်စစ်မီးတိုင်တွေလည်း ပျက်စီးတာ ရှိတယ်။ ကမ္ဘာအေးရွာက ၁၀ လုံး နီးပါးလောက်ဖြစ်မယ်။ တော‌ထဲမှာရှိတဲ့ စစ်ရှောင်တဲတွေလည်း တော်တော်များများ ပျက်စီးတယ်။ အုန်းပင်ဆိပ်ရွာ၊ သပြေတောရွာ၊ နတ်လာပို့ရွာတွေလည်း ပျက်စီးလောက်တယ်။ လက်ရှိ ပျက်စီးတဲ့အိမ်နဲ့ စစ်ဘေးရှောင်တဲတွေအပါဝင်ဆိုရင် ခန့်မှန်းခြေ ရာဂဏန်းလောက်ရှိလိမ့်မယ် ထင်တယ်။ အတိကျတော့ စာရင်း မပြုစုရသေးဘူး”လို့ ပြောပါတယ်။

အခုလို လေပြင်းတိုက်ခတ်တာကြောင့် ဒေသခံရွာသူရွာသားတွေအပြင် စစ်ဘေးရှောင်တဲတွေ ပါဝင်တာကြောင့် အကူအညီတွေလိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိုင်တောင်ရွာမှာ အခုလို လေးပြင်းတိုက်ခတ်လို့ အရင်နှစ်တွေက အခုလို ဖြစ်တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

7 days Ago

April 17, 2023

ကနီမြို့နယ်၊ စစ်ကောင်စီ တာဝါတိုင်စခန်းကုန်းကို PDF က သိမ်းပိုက်၊ လက်နက်များပါ ရရှိ

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲက စစ်ကောင်စီ တာဝါတိုင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး  လက်နက်တွေပါ ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အင်အား ၃၀ လောက် ရှိတဲ့ အဆိုပါ စခန်းကုန်းကို ဧပြီ ၁၇ ရက် ဒီကနေ့ မနက် ၇.၄၀ နာ ရီကနေ ၈ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း (၁) က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာလို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ပြောပါတယ်။

ဒါ့အပြင် သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာတော့ MA-2 (၃) လက်၊ MA - 11 (၆) လက်၊ MA - 3 (၅)လက်၊ MA - 4 (၁)လက်၊ MA ကျည်ဘောက် (၈)ခု၊ ၅.၅၆ ကျည် (၉၃၈၀) တောင့်၊ 60mm - ပြောင်းတို (၁)လက်၊ 60 mm ဗုံးသီး (၅၀) လုံး၊ 40 mm ဗုံးသီး (၅၇) လုံး၊ လက်ပစ်ဗုံးသီး (၅၆) လုံး၊ ရှေ့ထွက်မိုင်း (၁၀) လုံး၊ နင်းမိုင်း (၂၉) လုံး၊ Detonator(လက်ပစ်) (၃၇) ခု၊ Detonator (မိုင်း) (၄၅) ခု၊ ချပ်ဝတ်တန်ဆာ (၂) ခုနဲ့ ငွေ ကျပ် (၁၁၁၀၀) ကျပ် တို့ပါဝင်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကတော့ PDF တပ်မတော်ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်မှုဟာ မြန်မာ့နွေဦးတော်လှန်ရေး အောင်ပွဲနဲ့ တိုက်ရိုက်အချိုးကျနေတယ်လို့ ပြောထားပါတယ်။

2 weeks Ago
Up