အမေရိကန်တွင် မူးယစ်ဆေးအသုံးလွန် သေဆုံးသူပေါင်း ၉၃၀၀၀ အထိ စံချိန်တင်မြင့်တက်

အမေရိကန်နိုင်ငံမှာ မနှစ်က မူးယစ်ဆေး အသုံးလွန်ပြီး သေဆုံးသူ ဦးရေ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ဇူလိုင် ၁၄ ရက်က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားချိန်အတွင်း ဆေးကုသခံဖို့ ခက်ခဲတာနဲ့ မူးယစ်ကုန်သည်တွေက အားကောင်းတဲ့ လူလုပ်ဓာတုဆေးဝါးတွေ ပါတဲ့ မူးယစ်ဆေးတွေကို ပိုထုတ်လုပ်လာတာတွေကြောင့် ခုလိုဖြစ်တာလို့ ကျန်းမာရေး အရာရှိတွေကလည်း ပြောပါတယ်။
ကပ်ဘေးကြောင့် အသွားအလာ ပိတ်ဆို့ ကန့်သတ်တာနဲ့ လူချင်းခွာနေရတဲ့ စည်းမျဉ်းတွေက ဆေးလွန် သေဆုံးမှု တိုးလာစေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
တကိုယ်တည်းဖြစ်နေတာက စိတ်ပူပန်သောကများတာနဲ့ စိတ်ဓာတ်ကျတာကို ဖြစ်စေပြီး အိမ်မှာပဲ နေရမယ့် အမိန့်အတွင်း ဆေးစွဲသူတွေဟာ အစည်းအဝေးတွေကို လူကိုယ်တိုင် မတက်နိုင်တာ ဒါမှမဟုတ် ကုထုံးဆရာတွေနဲ့ တယောက်ချင်း ဆွေးနွေးတာတွေ မလုပ်နိုင်ကြဘူးလို့ စန်ဒီယေဂို ပြန်လည်ထူထောင်ရေး စခန်း၊ ရှိုရီလိုင်း ပြန်လည်သန်စွမ်းရေးဌာန ညွှန်မှူး ကိတ်ဂျဒ်က ပြောခဲ့ပါတယ်။
အမေရိကန်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးလွန် သေဆုံးသူ ဦးရေ ၃၀ ရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး သေဆုံးသူ လူဦးရေ ၉၃၀၀၀ ကျော်ခဲ့လို့ မှတ်တမ်းတင်သမျှထဲမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။