close

ထိုင်းနိုင်ငံ စက္ကူစက်ရုံတွင် ရွှေ့ပြောင်းလုပ်သား ၂၀၀ နီးပါး ကိုဗစ်-၁၉ ကူးစက်ခံနေရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ချချိန်းဆောင်းခရိုင်၊ ဖနုမ်ဆာရခမ်းမြို့နယ် ကော်ခနွန်ရပ်ကွက်ရှိ  စက္ကူရီဆိုင်ကယ်လ် စက်ရုံတစ်ရုံမှာ ပြီးခဲတဲ့ရက်ပိုင်းက ရွှေ့ပြောင်းလုပ်သား ၂၀၀ နီးပါးထံကနေ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတာတွေ့တယ်လို့ သက်ဆိုင်ရာ ခရိုင်ကျန်းမာရေးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင်က ရွှေ့ပြောင်းလုပ်သား ၆ ဦး ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို တွေ့ရှိတာကြောင့် ကျန်တဲ့ထိတွေ့ဆက်စပ်မှုရှိ အလုပ်သမားပေါင်း ၂၀၈ ဦးကို swab ယူပြီး စစ်ဆေးရာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က နောက်ထပ် ၁၈၉ ဦးထံမှာ ပိုးတွေ့ကြောင်း၊ အဲဒီထဲမှာ ထိုင်းလူမျိုး ၅ ဦး ပါဝင်ပြီး ကျန် ၁၈၄ ဦးကတော့ ရွှေ့ပြောင်းလုပ်သားတွေလို့ ဆိုပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၅၀၀ ကျော်ရှိပြီး အလုပ်သမားတန်းလျားနဲ့ အငှါးအိမ်ခန်း စုစုပေါင်း ၁၀ နေရာလောက်မှာ ပျံ့နှံ့နေထိုင်ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေက အဆိုပါဧရိယာတဝိုက်ကို လော့ဒေါင်းချလိုက်ပြီး ကျန်အ လုပ်သမားအားလုံးကိုလည်း အသွားအလာကန့်သတ်ထားလိုက်ကြောင်း ၊ ထွက်မပြေးနိုင်အောင်  အစောင့်တွေ တိုးမြှင့်ချထားလိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပိုးကူးစက်ခံထားရသူအလုပ်သမားတွေကို ဆေးကုပေးဖို့အတွက် အဆိုပါစက်ရုံကို ယာယီဆေးရုံအဖြစ် ပြောင်းလဲထားပါတယ်။

ချချိန်းဆောင်းခရိုင်မှာ ဒီကနေ့ ကိုဗစ်-၁၉ ကူးစက်ခံရသူ နောက်ထပ် ၂၁၁ ဦးတွေ့ရှိပြီး ပိုးတွေ့တဲ့ထဲ အဆိုပါစက်ရုံက နောက်ထပ်အလုပ်သမား ဘယ်နှစ်ဦးပါလဲဆိုတာတော့ အသေးစိတ်ဖော်ပြထားတာ မတွေ့ရပါဘူး။ ချချိန်းဆောင်းခရိုင်ဟာ ဘန်ကောက်အနီးမှာရှိပြီး မြန်မာရွှေ့ပြောင်းလုပ်သား အမြောက်အမြားလည်း ဝင်ရောက်လုပ်ကိုင်လျက်ရှိပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ စမွတ်ဆာခွန်းခရိုင် ပုစွန်ဈေးကနေ မြန်မာအလုပ်သမား ထောင်နဲ့ချီ ကိုဗစ်-၁၉ ကူးစက်ခံရပြီး အခုတတိယလှိုင်းမှာလည်း ဘန်ကောက် ဆောက်လုပ်ရေး လုပ်ငန်းခွင် ၊ ချွန်းပူးရီးခရိုင် စက်ရုံအလုပ်ရုံနဲ့ ဖစ်ချ်ဘူရီခရိုင် ခေါင်ယွဲ့မြို့နယ်က လျှပ်စစ်ပစ္စည်း စက်ရုံတွေမှာ အလုပ်သမားတွေ ရာနဲ့ချီ ကိုဗစ် ၁၉ ကူးစက်ခံခဲ့ကြရပါတယ်။ 

ဒီကနေ့ ထိုင်းတနိုင်ငံလုံး ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေမှာ လူနာသစ် နောက်ထပ် ၉၆၉၂ ဦး၊ သေဆုံးသူ ၆၇ ဦးရှိပါတယ်။ 

ဧပြီလကစ ကနေ့ထိ ကူးစက်ခံရသူစုစုပေါင်း ၃၅၃၀၄၄ ဦး၊ သက်သာပျောက်ကင်းသူ ၂၄၄၄၃၁ ဦးနဲ့ သေဆုံးသူ ၃၀၉၉ ဦးရှိပါတယ်။ 

ကိုးကား- Thairath

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up