close

မန္တလေးစျေးချိုအပါအဝင် စျေးကြီးများ ရက်အကန့်အသတ်မရှိပိတ်

မန္တလေးမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာနေတာကြောင့် ဈေးချိုတော်နဲ့ တိုက်တန်းကြီး၊ မန်းမြန်မာပလာဇာနဲ့ ရတနာပုံစျေးစတဲ့ စျေးကြီးတွေကို စည်ပင်သာယာရေးကော်မတီ ဈေးနှင့်သားသတ်ဌာနက ဇူလိုင် ၁၆ ရက်ကစတင်ပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ပါတယ်။

ကိုဗစ်တတိယလှိုင်းကာလ ပိုးတွေ့နှုန်းမြင့်တက်လာတာကြောင့် ဈေးသူ ဈေးသားတွေနဲ့ ဈေးဝယ်လာပြည်သူတွေ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါဆိုးမှ ကင်းဝေးစေဖို့ အခုလို  ယာယီပိတ်သိမ်းတာလို့ ဈေးအကျိုးဆောင်အဖွဲ့ဆီက သိရပါတယ်။

အဆင့်မြင့်ဈေးချိုတော်နဲ့ တိုက်တန်းကြီး၊ မန်းမြန်မာပလာဇာနဲ့ ရတနာပုံစျေးစတဲ့ စျေးကြီးတွေကို ကိုဗစ်ကာလအတွင်း တတိယအကြိမ် ယာယီပိတ်လိုက်တာလည်း ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ဇူလိုင် ၁၄ ရက်က ကိုဗစ်ပိုးတွေ့ရှိသူ ၇၄ ဦးရှိပြီး ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ အယောက် ၃၀ သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ကလည်း ကိုဗစ်-၁၉ လူနာနဲ့ သံသယလူနာ ၂၃ ဦး သေဆုံးခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။ 

မန္တလေးခရိုင်အတွင်း မြို့နယ် ၇ ခုကို  Stay at Home နေအိမ်တွင်း နေထိုင်ရေး အစီအစဉ် အကြုံးဝင်ကြောင်း ဇူလိုင် ၁ ရက်က စစ်ကောင်စီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up