close

မူဆယ်တွင် ကိုဗစ်-၁၉ လူနာများလာသဖြင့် နေရာသစ် တိုးချဲ့ပြင်ဆင်

မြန်မာ - တရုတ် နယ်စပ်ဖြစ်တဲ့ မူဆယ်မှာ ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံရသူ များပြားလာပြီး လူနာထားဖို့ နေရာမလုံလောက်တော့တာကြောင့် ဇူလိုင် ၁၆ ရက်နေ့ မနက် ၈ နာရီကစ  နေရာသစ် တိုးချဲ့ပြင်ဆင်နေတယ်လို့  မူဆယ်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဆီ သိရပါတယ်။

တိုးချဲ့နေရာသစ်အဖြစ် မူဆယ်မြို့ရှိ ရွှေနန်းတော် ခရီးသွားစင်တာမှာ ပိုးတွေ့ လူနာသစ်‌တွေကို လက်ခံထားရှိနိုင်ဖို့ ကိုဗစ် - ၁၉ စည်းမျဉ်းစည်းကမ်း‌‌နဲ့အညီ ပြင်ဆင်ထားပြီး လူဦးရေ ၆၀၀ ထားရှိ လက်ခံနိုင်မယ်လို့ မူဆယ် ကိုဗစ်ရောဂါ ကာကွယ်ထိန်ချုပ်ကုသရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ပိုးတွေ့လူနာတွေကိုတော့ ခုတင် ၂၀၀ ဆံ့ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီး၊ ခရိုင်ဆေးရုံသစ်ကြီးဝင်းထဲရှိ ဝန်ထမ်းအိမ်ရာ၊ မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံနဲ့ တရုတ်စာသင်ကျောင်း ကွာရန်တင်းစင်တာအပြင် ၁၀၅ မိုင်က သစ်သီးပွဲရုံက ဂိုဒေါင်တစ်ခုမှာပါ စင်တာတစ်ခု ဖွင့်ထားရှိကာ ကုသပေးနေတာပါ။

လက်ရှိမှာ ပိုးတွေ့လူနာ ၆၀၀ ကျော် ရှိလာ‌တာကြောင့် ကူးစက်လူနာသစ် ထပ်ရှိလာပါက ထားရှိဖို့နေရာ အခက်အခဲရှိလာ နေရာသစ် ထပ်တိုး ပြင်ဆင်ရတာလို့ ဆိုပါတယ်။

မူဆယ်မှာ ကိုဗစ်-၁၉ သံသယရှိသူ တစ်ရက်ပျမ်းမျှ အယောက် ၁၀၀ လောက်ကို Test Kit နဲ့ စစ်‌ဆေးပေး‌‌နေတာလည်း ဖြစ်ပါတယ်။

မူဆယ်မြို့နယ်မှာ ဇွန်  ၂၂ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ  ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆၀၀ ကျော်ထိရှိလာပြီး သံသယ လူနာ ၃ ဦးအပါအဝင် သေဆုံးသူ ၁၁ ဦး၊ ဆေးရုံဆင်းသူ ၂၀၀ နီးပါးရှိပြီလို့ မူဆယ်မြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီနဲ့ ပရဟိတ အသင်းတွေဆီက သိရပါတယ်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း ပိုးတွေ့အများဆုံး မြို့နယ်တွေကတော့ လောက်ကိုင်၊ လားရှိုးနဲ့ နောင်ချိုတို့ဖြစ်ပါတယ်။ ဇွန် ၈ ရက်နေ့ကနေ ဇူလိုင် ၁၆ ရက်နေ့အထိ လောက်ကိုင်မြို့နယ်မှာ ပိုးတွေ့လူနာ ၂၀၁၅ ဦး၊ ဆေးရုံဆင်းသူ ၇၀၉ ဦး နဲ့ သေဆုံးသူ ၆ ဦး၊ လားရှိုးမြို့နယ်မှာ ပိုးတွေ့လူနာ ၁၀၁၁ ဦး၊ ဆေးရုံဆင်းသူ ၅၅၁ ဦးနဲံ သေဆုံးသူ ၆၀ ကျော်၊ နောင်ချိုမြို့နယ်မှာတော့ ပိုးတွေ့လူနာ ၅၄၃ ဦး၊ ဆေးရုံဆင်းသူ ၃၅၄ ဦးနဲ့ သေဆုံးသူ ၁၄ ဦး ရှိတယ်လို့ သိရပါတယ်။ 

Pra Jaw ၊ Photo - မူဆယ်ပရဟိတကွန်ရက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up