ပါကစ္စတန်တွင် ခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်ကား တိုက်မိပြီး လူ ၃၀ ထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာ ခရီးသည်တင် ဘတ်စ်ကားတစီးနဲ့ ကုန်ကားတစီး ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ တိုက်မိလို့ လူအယောက် ၃၀ ထက်မနည်း သေဆုံးပြီး ၇၄ ယောက် ဒဏ်ရာရတယ်လို့ ကယ်ဆယ်ရေးနဲ့ ဆေးရုံအရာရှိတွေက ပြောပါတယ်။
လာဟိုးမြို့ အရှေ့တောင်ဘက် ၂၈၉ မိုင်အကွာ ဒေရာဂါဇီခန်းခရိုင်မှာ မနက် ၅ နာရီခွဲကျော်လောက်က ဘတ်စ်ကားဟာ ကုန်သေတ္တာတင် ကုန်ကားကို ဝင်တိုက်မိခဲ့တာလို့ ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။
ဒေရာဂါဇီခန်း သင်ကြားရေးဆေးရုံက ဆေးဘက် ကြီးကြပ်ရေးမှူး ဒေါက်တာ နာဂျီဘာရာမန်က “ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ကယ်ဆယ်ရေးဌာနက ဆေးရုံဆီ သယ်သွားပြီးပါပြီ။ ဒဏ်ရာရသူ အတော်များများက အသည်းအသန် အခြေအနေမှာ ရှိနေလို့ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်”လို့ ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ယာဉ်စည်းကမ်းလိုက်နာမှု ရှားပါးပြီး လမ်းပေါ် မတော်တဆ လူသေဆုံးမှုတွေ မကြာခဏ ဖြစ်လေ့ရှိကာ ကျေးလက်လမ်း အတော်များများက အခြေအနေ ညံ့ဖျင်းတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။