Apple Daily သတင်းစာအယ်ဒီတာချုပ်ကို ဟောင်ကောင်ရဲဖမ်းဆီး

ဟောင်ကောင်ရဲတွေဟာ Apple Daily နေ့စဉ်ထုတ်သတင်းစာရဲ့ အမှုဆောင် အယ်ဒီတာချုပ်ကို ဇူလိုင် ၂၁ ရက်မနက်က ဖမ်းဆီးလိုက်ပါတယ်။
ဒါဟာ မီဒီယာလုပ်ငန်းရှင် သူကြွယ်ကြီး ဂျင်မီလိုင်ရဲ့ သတင်းစာကို နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွင်း နောက်ဆုံး ဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။
သတင်းစာ အယ်ဒီတာဟောင်း လမ်မဲန်ချန်ဟာ လတ်တလော သီတင်းပတ်တွေအတွင်း ဒီသတင်းစာရဲ့ ၈ ယောက်မြောက် အဖမ်းခံရတဲ့ အကြီးတန်းဝန်ထမ်း ဖြစ်လာပါတယ်။
လူကြိုက်များတဲ့ အတင်းအဖျင်း သတင်းစာဖြစ်တဲ့ Apple Daily သတင်းစာတိုက်ကို ဇွန် ၁၇ ရက်က ရဲတွေ ရာပေါင်းများစွာ စီးနင်းအပြီး အင်အားသုံး ပိတ်ခိုင်းတာ ခံခဲ့ရပါတယ်။ အဓိက ပိုင်ဆိုင်မှုတွေနဲ့ ဘဏ်စာရင်းတွေကိုလည်း ပိတ်သိမ်းခဲ့တာပါ။ ဒီသတင်းစာဟာ ဇွန် ၂၄ရက်က နောက်ဆုံး ပုံနှိပ်ခဲ့ပါတယ်။
ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကရော Apple Daily ကို ပိုင်တဲ့ Next Digital မီဒီယာအုပ်စုကပါ မှတ်ချက်တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။
သတင်းစာက ဖြန့်ချိတဲ့ ဆောင်းပါးတချို့ဟာ တရုတ်ပြည်မကြီးက ချမှတ်ထားတဲ့ နိုင်ငံတော် လုံခြုံရေးဥပဒေကို ချိုးဖောက်ကောင်း ချိုးဖောက်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကျန်ခဲ့တဲ့ ဇွန်လက စတင် မိတ်ဆက်တဲ့ ဥပဒေဟာ သဘောထား ကွဲလွဲသူတွေကို နှိမ်နင်းဖို့ အသုံးချ ခံနေရပြီး ဟောင်ကောင်ရဲ့ အခြေခံလွတ်လပ်ခွင့်ကို တိုက်စားနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။