တရုတ်ကိုဗစ်ကာကွယ်ဆေး ချီလီနိုင်ငံတွင် ထုတ်ဖွယ်ရှိ

ချီလီနိုင်ငံမှာ တရုတ်ရဲ့ Sinovac ကာကွယ်ဆေး ထိုးဆေးအတွက် စက်ရုံတည်ဆောက်ဖို့ အလားအလာရှိတဲ့နေရာတွေကို လိုက်လံအကဲဖြတ်နေတယ်လို့ ချီလီအာဏာပိုင်တွေက ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။
Sinovac မှ အမှုဆောင်အဖွဲ့ဟာ ဒီတပတ်မှာ ဆန်တီယာဂိုမြို့အနီးအနားနဲ့ ချီလီ မြောက်ပိုင်းသဲကန္တာရရှိ အလားအလာရှိတဲ့နေရာတွေကို သွားရောက်ခဲ့ပါတယ်။
Sinovac ရဲ့ ဒုဥက္ကဋ္ဌ ဝီနင်းမန်က ဒီနေရာမှာ ထုတ်လုပ်မှု စက်ရုံတည်ထောင်ဖို့ကိုယ်စားလှယ်အမျိုးမျိုးကို R&D ဓာတ်ခွဲခန်းနဲ့ အကဲဖြတ်နေပါတယ် လို့ ပြောပါတယ်။
မတူညီတဲ့ ရွေးချယ်မှုတွေကို ဂရုတစိုက် အလေးအနက်ထားပြီး ဆုံးဖြတ်ချက် မြန်မြန်ချ ပြီးရင် ဆောက်လုပ်ရေးကို စတင်တော့မယ်လို့လည်း ဆိုပါတယ်။
သူ့နိုင်ငံသားတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပေးတဲ့ ချီလီနိုင်ငံဟာ မြန်မြန်ဆန်ဆန် လုပ်ဆောင်မယ့် လူအစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုး အစီအစဉ်မှာ Sinovac ကာကွယ်ဆေးအပေါ် အများကြီး မှီခိုထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ချီလီဟာ ကာကွယ်ဆေးထိုး လက်တွေ့ စမ်းသပ်တဲ့အစီအစဉ်မှာ ဦးဆောင်ကူညီခဲ့တာပါ။
စက်ရုံဆောက်မယ့် အန်တိုဖာဂတ်စ်တာမြို့ဟာ မဟာဗျူဟာ ကျကျ တည်ရှိနေတယ်။ အနီးအနားမှာ အရေးကြီးတဲ့ဆိပ်ကမ်း နှစ်ခု၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှစ်ခုရှိနေပြီး အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာ နှစ်ခုလုံးနဲ့ ဆက်သွယ်နိုင်တဲ့ နယ်စပ်ဆုံမှတ်တွေ အများကြီး ရှိတယ်လို့ ချီလီကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ဒီမှာစက်ရုံဆောက်ရင် လက်တင်အမေရိကဒေသတခုလုံးကို ဆေးတွေဖြန့်ဖြူးပေးနိုင်ပြီ လို့ ဆိုပါတယ်။
ချီလီစီးပွားရေးဝန်ကြီးကလည်း ဒီစက်ရုံမှာ နှစ်စဉ်ကာကွယ်ဆေး ထိုးဆေး သန်း ၅၀ အထိထုတ်လုပ်နိုင်ပြီး CoronaVac ကိုဗစ်-၁၉ ထိုးဆေးအပြင် အသည်းရောင်ရောဂေါ(ဘီ) သို့မဟုတ် တုပ်ကွေးကာကွယ်ဆေးတွေကိုလည်း ထုတ်လုပ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီစက်ရုံကနေ အစောဆုံး ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်လောက်မှာ တရုတ်ထိုးဆေးတွေကို စတင်ထုတ်လုပ်နိုင်မယ်လို့လည်း ဆိုပါတယ်။
လာမယ့်ရက်သတ္တပတ်တွေမှာ Sinovac ဟာ ချီလီနဲ့ ဒေသတွင်းမှာ ကာကွယ်ဆေးတွေကို ထောက်ပံ့ပေးမယ့် စက်ရုံအတွက် သူ့ရဲ့နောက်ဆုံးရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်ကို ကြေညာ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။