တိုကျိုအိုလံပစ် ကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် သက်ထားသူဇာ ၂ ပွဲပြတ်ရှုံးနိမ့်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇူလိုင် ၂၅ ရက် ဒီနေ့မနက်က ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စု (M) ပွဲစဉ်မှာ မြန်မာကြက်တောင်ရိုက် အားကစားမယ် သက်ထားသူဇာက ပြိုင်ဘက် အင်ဒိုနီးရှား ကြက်တောင်မယ်ကို ၂ ပွဲ ပြတ်ရှုံးနိမ့်သွားပါတယ်။
ကမ္ဘာ့အဆင့် ၆၅ ရှိတဲ့ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၂၃ ရှိတဲ့ အင်ဒိုနီးရှားပြိုင်ဘက် ဂရက်ဂိုရီယာ မာရစ်ကာ တွန်းဂျွန် ကို ပထမပွဲငယ်မှာ ( ၂၁-၁၁) မှတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ပွဲငယ်မှာလည်း ( ၂၁- ၈) မှတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အုပ်စု(M)မှာ ပါဝင်ယှဉ်ပြိုင်ကစားနေတဲ့ သက်ထားသူဇာဟာ နောက်တစ်ပွဲအဖြစ် ကမ္ဘာ့အဆင့် ၃၈ ရှိ ဘယ်လ်ဂျီယံတင်းနစ်မယ် တန်လီရန်းနဲ့ လာမယ့် ဇူလိုင် ၂၇ ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုပထမရသူတစ်ဦးတည်းသာ နောက်တဆင့်ကို တက်နိုင်မှာဖြစ်ပါတယ်။
လက်ရှိ ကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား ၂ ယောက်သာ ပါဝင်ယှဉ်ပြိုင်တာဖြစ်ပြီး သေနတ်ပစ်အားကစားသမား ရဲထွန်းနောင်ဟာလည်း အမျိုးသား ၁၀ မီတာ လေသေနတ် ပစ္စတိုပြိုင်ပွဲမှာ အဆင့် ၁၄ သာရလို့ ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။