close

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ဆရာဝန်များ ဆန္ဒပြ

မလေးရှားနိုင်ငံမှာ သဘောတူစာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်တဲ့ ဆရာဝန်တွေဟာ မြို့တော် ကွာလာလမ်ပူကဆေးရုံမှာ ဇူလိုင် ၂၆ ရက်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြပါတယ်။

လုပ်ခလစာနဲ့ ခံစားခွင့်ပိုရရေး၊ အမြဲတမ်းဝန်ထမ်းပုံစံနဲ့ ပိုကောင်းတဲ့ အလုပ်အကိုင် လုံခြုံရေးကို တောင်းဆိုဖို့ ပြည်လုံးကျွတ် ဆန္ဒပြပွဲရဲ့ အစိတ်အပိုင်းအဖြစ် လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။

ကန်ထရိုက် ဆရာဝန်တွေရဲ့ ကိုယ်စားလှယ်က သူတို့ကို တန်းတူညီမျှ ဆက်ဆံဖို့ အစိုးရကို တိုက်တွန်းပါတယ်။ သူတို့ရဲ့ သဘောတူစာချုပ်ကို ၂ နှစ် သက်တမ်းတိုးဖို့ ဝန်ကြီးချုပ်ရဲ့ ကမ်းလှမ်းချက်က မလုံလောက်ဘူးလို့လည်း ပြောပါတယ်။

မလေးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေအရ ကန်ထရိုက်နဲ့ ငှားရမ်းထားတဲ့ ဆေးဘက်အရာရှိ ၂၃,၀၀၀ ကျော်ဟာ သင်တန်းတက်ရပြီး ၂၀၁၆ ဒီဇင်ဘာကနေ ၂၀၂၁ မေလထိသာ မဖြစ်မနေ တာဝန်ထမ်းဆောင်ဖို့ လိုပါတယ်။

ဒါပေမဲ့ သူတို့ထဲက ၇၈၉ ယောက်သာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခံရလို့ ကျန်တဲ့ ဆေးဘက်ဝန်ထမ်း အများအပြားအနက် တချို့က နိုင်ငံခြားမှာ အလုပ်အကိုင် လျှောက်ထားခဲ့ကြရပါတယ်။

မလေးရှားနိုင်ငံမှာ ဇူလိုင် ၂၅ ရက် တရက်တည်းမှာ ကိုဗစ်-၁၉ ကူးစက်ခံ လူနာ ၁၇,၀၀၀ ကျော်ထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ဒါကြောင့် ဒေသတွင်းမှာ လူဦးရေနဲ့စာရင် ကူးစက်နှုန်းအမြင့်ဆုံး တနိုင်ငံ ဖြစ်နေသလို ကာကွယ်ဆေးထိုးနှုန်း အမြန်ဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်နေပါတယ်။

မလေးရှားဟာ ၂၀၂၁ ဒီဇင်ဘာမှာ ပြည်သူ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြီးထိုးပေးဖို့ ရည်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up