တရုတ်ပြည်မကြီးတွင် တရက်တည်း ကိုဗစ်-၁၉ ရောဂါ အသစ်ကူးစက်ခံရသူ ၇၅ ဦးရှိ

တရုတ်ပြည်မကြီးက ပြည်နယ် ၈ ခုမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ပြည်တွင်းကူးစက်ခံရသူတွေ အပါအဝင် ဇူလိုင် ၃၁ ရက် တရက်တည်းမှာ အသစ်ကူးစက်ခံ ၇၅ ယောက် ရှိတယ်လို့ တရုတ်အစိုးရက သြဂုတ် ၁ရက်မှာ ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံမှာ လချီပြီး ပြည်တွင်းနေ ကူးစက်မှု မရှိသလောက် နည်းနေရာက ခုနောက်ပိုင်းမှာ ကိုဗစ်-၁၉ ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်မှု ပိုပြီး ဆိုးဆိုးရွားရွား ပြန်တိုးလာနေတာပါ။
တရုတ်နိုင်ငံ ဖှုကျန်းပြည်နယ် ရှားမဲန်းမြို့မှာ ဒေသခံတွေကို အိမ်ထဲမှာပဲ နေဖို့ အမိန့်ထုတ်ထားပြီး စားနပ်ရိက္ခာနဲ့ တခြားအထောက်အပံ့တွေ ဖြန့်ဝေပေးနေတဲ့ ပုံတွေကို CCTV က ထုတ်လွှင့်ပြသပါတယ်။
ရုရှားကနေ ကူးစက်ခံ လူနာတယောက်ကို တင်လာတဲ့ လေယာဉ်ကို သန့်ရှင်းရေး လုပ်ခဲ့တဲ့ နန်ကျင်း လူခို့ နိုင်ငံတကာလေဆိပ်က အလုပ်သမားတွေနဲ့ ပတ်သက်ပြီး နန်ကျင်းမြို့မှာ ကူးစက်ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
ကူးစက်ခံတွေဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်ခံရတာလို့ သူတို့က အတည်ပြုပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်က ရေဘေးသင့် ကျန်းကျိုးမြို့မှာလည်း နောက်ထပ် ကူးစက်ခံ အသစ် ၁၁ ယောက် တွေ့ရှိထားပါတယ်။
လက္ခဏာ မပြတဲ့ ကူးစက်ခံ ၁၆ယောက် ရှိပေမယ့် တရုတ်အစိုးရက တရားဝင် ကိန်းဂဏန်းထဲ ထည့်မတွက်ပါဘူး။ တရုတ်နိုင်ငံမှာ ကူးစက်မှု စတည်းက ခုထိ ကူးစက်ခံရသူပေါင်း ၉၃၀၀၀ ရှိနေပြီဖြစ်ပါတယ်။