close

နေ့စဉ်ကိုဗစ်-၁၉ ပိုးတွေ့နှုန်း ၃၀ ရာခိုင်နှုန်းဝန်းကျင်၊ စုစုပေါင်းကူးစက်ခံရသူ ၃၂၀,၀၀၀ နီးပါးရှိလာ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၄,၀၀၀ ကျော်၊ ရောဂါကူးစက်ခံရပြီး သေဆုံးသူပေါင်း ၃၀၀ နီးပါး ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ် ၅ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၂၈၄ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄,၁၃၂ ယောက်တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၂၉ ရာခိုင်နှုန်းနီးပါး ရှိနေခဲ့ပြီး နေ့စဉ်လိုလို ပိုးတွေ့နှုန်း ၃၀ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၄,၄၅၉ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရက်တည်းသေဆုံးသူအရေအတွက်ကတော့ ၂၉၃ ယောက် ရှိခဲ့ပြီး စုစု ပေါင်း သေဆုံးသူ ၁၀,၉၈၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၁၉,၂၅၀ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို  အစိုးရရုံးတွေ အဆက်တိုက်ပိတ်ထားတဲ့အပြင်  နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၉၀ ကျော်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up