close

ကြူကုတ်မြို့အနီး MNDAA နှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဒု-တပ်ရင်းမှူးအပါအဝင် ၅ ဦးသေ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့အနီးမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ စစ်ကောင်စီတပ်တို့ သြဂုတ် ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီဘက်က ဒု-တပ်ရင်းမှူးနဲ့ ဒုတပ်ခွဲမှူးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဩဂုတ် ၅ ရက်မှာ ကိုးကန့်တပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။

"ကျနော်တို့သိတာတော့ ဒု-ဗိုလ် အဆင့်တစ်ယောက်ရော စစ်တပ်ဘက်က ၆ ယောက်လောက် သေတယ်။ တချို့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကြူကုတ် (ပန်ဆိုင်း) ဖိုင်ကောင်းရွာမှာလည်း သြဂုတ် ၄ ရက်က စစ်ကောင်စီတပ်ဖွဲ့က ရမ်းသမ်း ပစ်ခတ်ခဲ့လို့ နေအိမ်တချို့ ပျက်စီးသွားတဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

"အိမ်တွေတော့ထိတယ်။ တချို့က လက်နက်ကြီးတွေ ကျည်ကျတယ်။ မကွဲဘူး။ ကျပြီး မကွဲတာ သုံးလုံးလောက်ရှိတယ်။"

ကြူကုတ် (ပန်ဆိုင်း) အနီးက ကျေးရွာတွေမှာ ကိုဗစ်ကြောင့်  လော့ဒေါင်းချထားသလို စစ်ကောင်စီတပ်က ‌တပ်စွဲထားတာကြောင့် ရှောင်တိမ်းနေကြရတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

"၅ ယောက်လောက်လောက်သေတယ်။ ကျမတို့ လယ်ကွင်းမှာ ရှောင်နေတဲ့ချိန် သူတို့ သယ်လာတယ်။ သူတို့ ဗိုလ်လို့ သိရတယ်။ ဝိုင်းသယ်ပြီး ဆင်းလာကြတယ်။ ခုတောင် သူတို့ ဆင်းသွားလို့ မရလို့လားမသိဘူး။ ပြန်မသွားကြသေးဘူး။ ရွာအထဲမှာတော့မဟုတ်ဘူး။ ကျမတို့ရွာအနီးက နမ်ဟူးရွာစပ်နားတဝိုက်နေနေကြတယ်။ အဲကြောင့် သတိထားပြီး နေနေကြရတယ်။"

သြဂုတ် ၃ ရက် ညပိုင်းကလည်း မုံးကိုးမြို့ဘက်ကို စစ်ကောင်စီ‌တပ်သားတွေကို ကားနဲ့တင်လာတဲ့ ပြည်သူ့စစ်တစ်ဦး ကောင်းစထီး ရွာနားမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

မုံးကိုးဒေသနဲ့ ကြူကုတ် (ပန်ဆိုင်း) အနီးနား ဝန်းကျင်က ရွာဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ ဇူလိုင်လကတည်းက တိုက်ပွဲဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

Photo - ကိုးကန့်သတင်းကွန်ယက်၊ CJ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up