တိုကျိုမြို့ ၌ ရထားပေါ်တွင် ဓားထိုးမှုဖြစ်ပွားပြီး လူ ၄ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်အနောက်ပိုင်း အိုဒကုအိုဒဝါရရထားလိုင်းပေါ်က ရထားတွဲတစီးပေါ်မှာ သြဂုတ် ၆ ရက် ည ၈ နာရီ မိနစ် ၄၀ လောက်က ဓားထိုးမှုဖြစ်လို့ လူ ၄ ယောက် ဒဏ်ရာရတယ်လို့ မာ့အိနိချိ နေ့စဉ်ထုတ် ဂျပန်သတင်းစာက ဖော်ပြပါတယ်။
အခင်းဖြစ်ပွားပြီးနောက် မီးဖိုချောင်သုံး ဓားတလက် ရထားပေါ်မှာ ကျန်ခဲ့ပြီး ဒဏ်ရာရသူ ၄ ယောက်လုံး သတိကောင်းတယ်၊ အသက်ဘေးမရှိဘူးလို့ သိရပါတယ်။
ဓားထိုးတရားခံလို့ ယုံကြည်ရတဲ့ အမျိုးသားတယောက်ကို တိုကျိုရဲတွေက ဒေသစံတော်ချိန် ည ၁၀ နာရီလောက်မှာ အချုပ်ခန်းဆီ ခေါ်သွားပြီလို့ သတင်းစာကမှာ ရေးသားဖော်ပြပါတယ်။
ဂျပန်မှာ အကြမ်းဖက် ရာဇဝတ်မှုက ရှားပါတယ်။ ဒါပေမဲ့ ဓားစာခံ ဘယ်သူဘယ်ဝါ မသိရဘဲ တိုက်ခိုက်သူတွေက ဓားနဲ့ အကြမ်းဖက် တိုက်ခိုက်တာ တချို့တော့ ရှိတတ်ပါတယ်။
၂၀၀၈ ဇွန်လတုန်းက အမျိုးသားတယောက်က လူကြိုက်များတဲ့ အာ့ခိဟဘရခရိုင်မှာ လူအုပ်ကို အပေါ့စား ကုန်ကားနဲ့ ဝင်တိုက်ပြီး ကားပေါ်က ခုန်ဆင်းရင်း လမ်းသွားလမ်းလာတွေကို ဓားနဲ့ တိုက်ခိုက်လို့ လူ ၇ ယောက် သေဆုံးခဲ့ဖူးပါတယ်။