ကာဇက်စတန်တွင် မိုးခေါင်၍ တိရစ္ဆာန်များ သေဆုံး

ကာဇက်စတန်နိုင်ငံ မန်ဂစ္စတောင်ကျွန်းဆွယ်က မိုးနည်းလွင်ပြင်ဒေသမှာ ဆိုးဆိုးရွားရွား မိုးခေါင်နေလို့ တိရစ္ဆာန်တွေ စားစရာနဲ့ ရေ မရှိတဲ့အတွက် မြင်းသေတွေ ပြန့်ကျဲနေတာကို တွေ့ရတာပါ။
ရာချီတဲ့ စိုက်ပျိုးမွေးမြူရေးသမားတွေအတွက် အသက်မွေးစရာ အခြေအနေကို ခြိမ်းခြောက်နေပါတယ်။ မကြုံစဖူး မြင့်မားတဲ့ အပူချိန်ကြောင့် တချို့ နေရာတွေမှာ အပူချိန် အမြင့်ဆုံး စံချိန်သစ် တင်ခဲ့ပါတယ်။
အရင်က ဆိုဗီယက် ပြည်ထောင်စု လက်အောက်ခံ အလယ်အာရှဒေသမှာ ဒီနှစ်နွေကာလ တလျှောက်အပူချိန် မြင့်နေလို့ ကာဇက်စတန် အစိုးရက တိရစ္ဆာန်အစားအစား ပြည်ပ တင်ပို့မှုကို တားမြစ် ပိတ်ပင်ထားပြီး အိမ်နီးချင်းတွေဆီက ရေအပိုရရေး ကြိုးစားနေပါတယ်။
ကျွန်းဆွယ်ဒေသမှာ မြင်းတွေကို ကျွေးဖို့ မြက်ခြောက်နဲ့ ဘာလီဈေးတွေ မြင့်တက်ကုန်လို့ တချို့ လယ်သမားတွေက ကတ်ထူပြား အစိုတွေကို ဖြဲပြီး မြင်းစာနဲ့ ရောကျွေး နေရပါတယ်။
မြင်းသားနဲ့ မြင်းနို့ချဉ်ဟာ ကာဇက်စတန်မှာ အဓိက ထုတ်ကုန်ပါ။ မြင်းနဲ့ ကုလားအုတ် မွေးမြူရေးဟာလဲ ဒီဒေသမှာ ရိုးရာ အလုပ်အကိုင် ဖြစ်ပါတယ်။
မန်ဂစ္စတောင်ပြည်နယ်မှာ မြင်း၊ ကျွဲနွားနဲ့ သိုးကောင်ရေ တစ်ထောင်ကျော် သေဆုံးခဲ့ပြီးပြီလို့ အစီရင်ခံ ထားပါတယ်။
ကာဇက်စတန် မိုးလေဝသဌာန အကြီးအကဲက ကာဇက်စတန်မှာ ပျမ်းမျှအပူချိန်ဟာ ဆယ်နှစ်တိုင်းမှာ ၀ ဒသမ ၃ ဒီဂရီ စဲလ်စီးယပ်စ် မြင့်တက်လာနေတယ်လို့ ပြောပါတယ်။
နိုင်ငံမြောက်ပိုင်းက ကောက်ပဲသီးနှံ စိုက်ပျိုးရာဒေသတွေမှာ မိုးနဲ့ ဆောင်းရာသီ နှင်းကျတာ ပိုများလာနေတာကို လက်ရှိ ပုံစံ အားလုံးနဲ့ ဟောကိန်းထုတ်နိုင် နေပေမဲ့ စိုက်ပျိုးရေးကဏ္ဍ တစ်ခုလုံးအနေနဲ့ စဉ်းစားရင်တော့ ရာသီဥတု ပြောင်းလဲမှုရဲ့ ဘေးရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။