close

ဟန်လင်း(ပျူမြို့ဟောင်း) တွင် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးမည့် အန္တရာယ်ကျရောက်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ္ဘာအမွေအနှစ်စာရင်းဝင် ဟန်လင်း(ပျူမြို့ဟောင်း) ရှေးဟောင်းနယ်မြေမှာ အခုရက်ပိုင်း မိုင်းရှာစက်နဲ့ ရှေးဟောင်းပစ္စည်း တရားမဝင် ရှာဖွေတူးဖော်နေတဲ့အတွက် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမယ့် အန္တရာယ်ကျရောက်နေတယ်လို့ ရှေးဟောင်းသုတေသနဌာန ဝန်ထမ်းတွေက  ပြောပါတယ်။

ရှေးဟောင်းသုတေသနဌာန ဦးစီးအရာရှိ CDM ဝန်ထမ်း  ဦးစောနိုင်က “ရွှေရှာတဲ့စက်နဲ့ တရားမဝင်ခိုးတူးတာကတော့ မြို့ဟောင်းအတွင်းမှာ တော်တော်များနေပြီလို့ ကြားပါတယ်။ ပြီးခဲ့တဲ့လက ကန်ကြီးတောဘက်မှာ ပစ္စည်းတွေရတယ်လို့လည်း ကြားပါတယ်။ အပြင်မှာ မှောင်ခိုရောင်းတာမျိုးမဖြစ်အောင် ဟန်လင်းကလက်ရှိတာဝန်ရှိတဲ့ သူတွေကိုအသိပေးခဲ့ပေမဲ့ အလုပ်မဖြစ်ပါဘူး။ ဒီကိစ္စမှာ ဒေသခံတွေရဲ့ပူးပေါင်းပါဝင်မှုလည်းအရမ်းလိုအပ်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ဟန်လင်းရှေးဟောင်းအဖွဲ့ရော၊ ဟန်လင်းထိန်း သိမ်းရေးအဖွဲ့ရော အလုပ်မလုပ်ကြလို့ ခုလိုဖြစ်ရတာလို့လည်း ပြောပါတယ်။ 

ရှေးဟောင်းပစ္စည်းတွေကို ရွှေရှာစက်နဲ့ ရှာဖွေတူးဆွတာ အခုမှစလုပ်ကြတာဖြစ်ပြီး အရင်ကလည်း ဒေသခံတွေ ရွှေကျင်တာလုပ်ခဲ့ကြလို့ ရှေးဟောင်း နေရာတော်တော်များများ မူလအသွင်အပြင်တွေပျက်စီးခဲ့ရဖူးပါတယ်။

ဟန်လင်းကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရဖို့ ၂၀၁၃ ခုနှစ်ကစပြီး ဥပဒေနဲ့ တင်းတင်းကျပ်ကျပ်တားမြစ်ခဲ့လို့ ရွှေကျင်တာနဲ့ တရားမဝင်တူးဖေါ်မှုတွေ ရပ်တန့်သွားခဲ့ပါတယ်။ ရှေးဟောင်းနယ်မြေအတွင်းက ယာခင်းတွေဆိုရင် စည်းကမ်းသတ်မှတ်ချက်နဲ့ထွန်ယက် ကြရတာဖြစ်ပါတယ်။

စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက် အခုအခါမှာတော့ ယာခင်းရှင်တွေကိုယ်တိုင် ထွန်စက်ကြီးတွေနဲ့ မြေအောက်နစ်အောင်မောင်းပြီး ရှေးဟောင်းပစ္စည်း ရှာဖွေနေကြလို့ ရှေးဟောင်းအမွေအ‌နှစ်ထိခိုက်ဆုံးရှုံးမှုတွေ အများကြီးရှိလာနိုင်တယ်လို့လည်း ‌ဒေသခံ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာနဲ့ ပျူ ၃ မြို့ပေါင်းပြီး ၂၀၁၄ ခုနှစ်ဇွန်လ ၂၂ ရက် မှာ ကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ်ခံခဲ့ရတာပါ။ ဟန်လင်းပျူမြို့ဟောင်းမှာ တူးဖော်ပြီးတဲ့ ကုန်းပေါင်း ၄၆ ကုန်းရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up