ဂျပန်တွင် မြေပြိုမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ပျောက်ဆုံး

ဂျပန်နိုင်ငံမှာ သြဂုတ် ၁၄ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး လူ ၂ ဦး ပျောက်ဆုံးနေပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းနေခဲ့လို့ မြစ်ရေတွေလည်း ကမ်းပါးတွေပြည့်လျှံတက်ပြီး ဂျပန်အနောက်ပိုင်းရှိ အနည်းဆုံး နေအိမ်နှစ်လုံး ရေထဲမျောပါသွားပါတယ်။
ဂျပန်နိုင်ငံအနောက်ပိုင်း၊ အထူးသဖြင့် တောင်ဘက်စွန်းက အဓိကကျွန်းဖြစ်တဲ့ ကျူရှူးကျွန်းမှာ ဩဂုတ် ၁၃ ရက် နေ့လယ်ပိုင်းအထိ သုံးရက်တာကာလမှာ ဧရိယာတခုတည်းမှာပဲ မိုးရွာသွန်းမှုက ၃၇ ဒသမ ၆ လက်မနဲ့ မိုးရေချိန် စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
ကျူရှူးကျွန်းရဲ့ တချို့နေရာအစိတ်အပိုင်းတွေမှာ လမ်းတွေကို ခါးလောက်မြင့်တဲ့ရေတွေ ဖုံးလွှမ်းခဲ့ပြီး မြေပြိုမှုတွေကြောင့်လည်း လမ်းမတွေ ပိတ်ဆို့ခဲ့ပါတယ်။
ဂျပန်အစိုးရဟာ လူဦးရေ ၁ ဒသမ ၅ သန်းကျော်အတွက် လွှမ်းခြုံသိရှိနိုင်ဖို့ အမြင့်ဆုံး သတိပေးချက်အဆင့် ၅ ကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ခဲ့ပြီး နောက်ရက်အနည်းငယ်အတွင်း မိုးထပ်များနိုင်သေးတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က သတိပေးထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုဟာ အဓိကအကြီးဆုံးကျွန်း ဟွန်ရှူးကျွန်းရဲ့အလယ်ပိုင်းကို ရွေ့လျားသွားပေမဲ့ သီတင်းတပတ်လောက်ကတော့ ခုအခြေအနေအတိုင်း ဆက်ရှိနေလိမ့်ဦးမယ်လို့ JMA က သတိပေးထားပါတယ်။