close

၄၄ လမ်းဖြစ်စဉ်၌ သေနတ်မှန်သေဆုံးခဲ့သည်ဟု သတင်းထွက်ခဲ့သည့် မောင်ကောင်းမင်းသန့် လွတ်မြောက်နယ်မြေရောက်ရှိ

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄လမ်းဖြစ်စဥ်မှာ သေနတ်မှန်သေဆုံးသွားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ မောင်ကောင်းမင်းသန့်ဟာ သေဆုံးခြင်းမရှိဘဲ လက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီလို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက ရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ဝါဒဖြန့် သတင်းတွေဟာလည်း မဟုတ်မှန်ကြောင်း မောင်ကောင်းမင်းသန့်က  ပြောပါတယ်။  

သေဆုံးသူတွေထဲမှာ မူးယစ်ဆေးသုံးစွဲတယ်လို့ ဖမ်းဆီးခံရတချို့က စစ်ကောင်စီရုပ်သံမှာ ထွက်ဆိုပြောကြားခဲ့တာရှိပေမယ့် ဘယ်သူမှ မူးယစ်ဆေးဝါးသုံးစွဲခဲ့တာ မရှိကြောင်းနဲ့ စစ်ကောင်စီသတင်းမှာ လွဲမှားမှုတွေများစွာရှိနေတယ်လို့လည်း မောင်ကောင်းမင်းသန့်က ပြောပါတယ်။

၄၄ လမ်းမှာ   ဩဂုတ် ၁၀ ရက် ညနေက စစ်ကောင်စီတပ်တွေက လိုက်ဖမ်းစဉ် လူငယ်တွေ တိုက်ပေါ်ကထွက်ပြေးခုန်ချခဲ့တဲ့ဖြစ်စဉ်မှာ မောင်ကောင်းမင်းသန့်အပါအဝင် သေဆုံးသွားတဲ့ လူငယ် စုစုပေါင်း ၆ ဦးရှိပြီး  ၂ ဦးဒဏ်ရာရရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးကတော့ ဒီ ဖြစ်စဉ်မှာ  ၂ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ သွားကာ ၃ ဦးဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် အဆိုပါတိုက်ခန်းမှာ လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ၁ ထုပ်လျှင် ဗျောက်အိုး ၅၀ ပါ အထုပ် ၂ ထုပ် အပါအဝင် ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပေမဲ့ ဒီသတင်းမှန်ကန်မှုရှိမရှိ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up