close

တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၇၀၀ ကျော်၊ ၁၈၂ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂,၇၀၀ ကျော်နဲ့ သေဆုံးသူ ၁၈၂ ယောက် ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁,၂၄၇ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂,၇၀၆ ယောက် တွေ့ရှိခဲ့တာမို့ ပိုး တွေ့နှုန်း ၂၄ ဒသမ ၀၅ ရာခိုင်နှုန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၄,၂၈၈ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၃,၄၄၅ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၅၆,၉၈၅ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက် အဖြစ် ဩဂုတ် ၂၂ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၀၀ ကျော်ကိုလည်း Stay At Home မြို့ နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up